DVB Logo
Home
မြန်မာသတင်း
မိုးများပြီး နိုင်ငံတ၀ှမ်း ရေကြီးရေလျှံမှုဖြစ်
DVB
·
August 3, 2012
Donate to DVB

အခုရက်ပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် ရောဝတီ၊ စစ်တောင်း၊ ပဲခူး၊ သံလွင် အစရှိတဲ့ မြစ်တွေ စိုးရိမ်ရေမှတ်ရောက်နေပြီး နိုင်ငံအ၀ှမ်း ရေကြီးနေပါတယ်။

ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းအတွင်းက မြို့ရွာတချို့မှာ ရေကြီးရေလျှံ ဖြစ်ပွားနေတာပါ။

မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်း လောက်စပြီး မိုးများတဲ့အတွက် တနင်္သာရီချောင်းရေမြင့်တက်သလို၊ တောင်ကျရေတွေကြောင့် မြို့အပါအ၀င် ကျေးရွာအတော်များများ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မြို့တွင်း မြေနိမ့်ရပ်ကွက်တချို့မှာ ရေ ၁၂ ပေ လောက်အထိ မြင့်တက်လို့ အိမ်တွေ အတော်များများ နစ်မြုပ်ကုန်တယ်လို့ ဒေသခံက ပြောပါတယ်။

“တနသာင်္ရီမှာ ရေကြီးတာက မိုးရွာသွန်းမှုကြောင့်ပဲ။ တနသာင်္ရီချောင်းက ကျဉ်းတယ်။ တောင်ပေါ်က ကျတဲ့ တောင်ကျရေတွေ များတဲ့အတွက် မြို့ပေါ်ကိုရေလျှံတက်တာဖြစ်တယ်။ အခုလက်ရှိ ရေကြီးနေတာက ကျေးရွာတွေ တော်တော် များများမြှုပ် တယ်။ မြို့ပေါ်မှာလည်း မြှုပ်တယ်။”

ရေနစ်မြုပ်တဲ့ရွာတွေက ရွာသူရွာသားတွေကတော့ နီးစပ်ရာ တောင် ကုန်းတွေမှာ တဲထိုးနေထိုင်ကြရပြီး သွားရေးလာရေးအတွက် ၀ါးဖောင်ကို အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။

တနင်္သာရီမှာ ၂ နှစ် ၃ နှစ်တခါ အခုလို ရေကြီးလေ့ရှိတဲ့အတွက် ယဉ်ပါး နေတယ်လို့ ဆိုပါတယ်။

သွားရေးလာရေးအဆင်မပြေတဲ့အတွက် ကျောင်းအချို့ပိတ်ထားရပြီး ကလေးသူငယ်နဲ့ လူကြီးပိုင်းအချို့ ကျန်းမာရေးမကောင်း ဖြစ်နေကြတယ် လို့ ပြောပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာတော့ ဇူလိုင်လ ၂၉ ရက်နေ့ကတည်းက သံလွင်မြစ်ရေမြင့်တက်ပြီး အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အမှတ်၁၊ ၂ နဲ့ ၅ ရပ်ကွက်တွေက အိမ်ခြေ ၇၀၀ ကျော် ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးစခန်း ၇ ခု မှာ ဒုက္ခသည် ၃၀၀၀ လောက် ခိုလှုံနေရတယ် လို့ မြို့ခံတဦးက ပြောပါတယ်။

ပြည်နယ်အစိုးရက ရေဘေးဒုက္ခသည်တွေ စားဝတ်နေရေးအတွက် ကူညီပေးနေပြီး ရေဘေးဒုက္ခသည်ပေါင်း ၃၀၀၀ ကျော်ရှိတယ်လို့ မြို့ခံ တဦးက ပြောပါတယ်။

အလားတူ ကရင်ပြည်လှိုင်းဘွဲ့မြို့မှာလည်း လှိုင်းဘွဲ့ချောင်းရေ  မြင့်တက်တဲ့ အတွက် ရပ်ကွက်ကြီး ၂ ခု ရေနစ်မြုပ်နေတယ်လို့ မြို့ခံ တဦးက ပြောပါတယ်။

ပဲခူးတိုင်း တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေ မြင့်တက်လို့ မိုးကောင်း၊ အုတ်ကျွတ်တန်း၊ ကြက်လျှာစွန်းတွေဘက်မှာ ရေနစ်မြုပ်ပေမယ့် ကယ်ဆယ်ရေး စခန်းဖွင့်ပေးတာတော့ မရှိသေးဘူးလို့ မြို့နယ်အမတ် ဦးအောင်စိုးမြင့်က ပြောပါတယ်။

“အခု ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူတွေ ဖွင့်ပေးတာတော့ မရှိသေးဘူး။ ဒီနေ့ဆိုရင် အန်ကယ်တို့ မိုးကောင်းဘက်မှာ ဆန်၊ ကြက်သွန် သွားဝေပေးတယ်။ လယ်က စစ်တောင်းမြစ်နဲ့ နီးတဲ့နေရာတွေက မြှုပ်တယ်။ ကျန်းမာရေးကိစ္စတွေလည်း ပြဿနာရှိတာပေါ့။ အုတ်ကျွတ်တန်းဘက်၊ ကြက်လျှာစွန်းဘက်ဆိုရင် အိမ်သာတွေမှာ ရေမြှုပ်တဲ့အခါ ရေမသန့်တာတွေပါ ကြုံနေရတာပေါ့။”

ပဲခူးမြို့မှာတော့ ပဲခူးမြစ်ရေ အရင်ကထက် မြင့်တက်နေတဲ့အတွက် မြို့တွင်းလွမ်းလို့ နေအိမ်တချို့ ပြောင်းရွှေ့နေထိုင်တာတွေရှိနေပြီလို့ ပဲခူးမြို့ခံ ကိုနေ၀င်းက ပြောပါတယ်။

နေပြည်တော်ခရိုင် ပုဗ္ဗသီရိနဲ့ ဇေယျာသီရိမြို့နယ်တွေမှာလည်း မိုးများပြီး မြစ်ရေကြီးမှုကြောင့် ရွာတချို့ ရေကြီးရေလျှံမှုဖြစ်နေတယ်လို့ ပျဉ်းမနားမြို့ခံတဦးက ပြောပါတယ်။

“ပုဗ္ဗသိရီမြို့နယ်မှာ လွန်ခဲ့တဲ့ ၃ ရက်လောက်က တံတားကျိုးသွားတယ်။ မိုးရွာတော့ ဆင်သေချောင်းရေတွေက အမြင့်ကြီးတက်လာတာပေါ့။”

ရှမ်းပြည်နယ် လာရှိုးမြို့မှာလည်း အခုရက်ပိုင်း မိုးများပြီး ရေစီးရေလာမကောင်းတဲ့အတွက် အနိမ့်ပိုင်း နေရာတွေမှာ ရေနစ်မြုပ်ကုန် တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013