DVB Logo
Home
မေးမြန်းခန်း
ဗုံးခွဲတဲ့ကိစ္စ ကျနော်နဲ့ လုံးဝ ပတ်သက်မှုမရှိဘူး-ဖြိုးဝေအောင်
DVB
·
August 3, 2012
ဗုံးခွဲတဲ့ကိစ္စ ကျနော်နဲ့ လုံးဝ ပတ်သက်မှုမရှိဘူး-ဖြိုးဝေအောင်
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုနဲ့ စွပ်စွဲခံရပြီး သေဒဏ်ချမှတ်ခံရသူ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ကို ဒီနေ့မှာပဲ  ပုဒ်မ ၄၀၁ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တယ်။

[caption id="attachment_21482" align="alignleft" width="300" caption="ကိုဖြိုး​ဝေ​အောင်"][/caption]

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့  ကိုဖြိုးဝေအောင်ရဲ့ အမှုတွေ၊ ထောင်တွင်း အတွေ့အကြုံတချို့နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။

၂၀၁၀ တုန်းက သင်္ကြန်ဗုံးပေါက်ကွဲမှုနဲ့ ဖမ်းထားပြီးတော့ နောက်ဆုံး သေဒဏ်အထိချမှတ်ထားတဲ့အပေါ်မှာ ဒီအမှုတွေနဲ့ ပတ်သက်ပြီး ကိုဖြိုးဝေအောင် ဘာပြောချင်ပါလဲ။

“ဒီအမှုတွေနဲ့ ပတ်သက်ပြီး ကျနော်ဖြေရှင်းမှာပါ။ X2O ဗုံးပေါက်ကွဲမှုနဲ့ ဖြိုးဝေအောင် ပတ်သက်လား၊ မပတ်သက်လားဆိုတာကို သတင်းစာရှင်းလင်းပွဲ လုပ်သွားဖို့ရှိပါတယ်။ ဒီ ၁ လ ၂ လအတွင်း၊ ကျနော့်မှာရှိတဲ့ တရားဝင် အမှုတွဲရဲ့ တရားလို သက်သေခံချက်တွေနဲ့ ကျနော်ပြသွားမှာပါ။ ဖြိုးဝေအောင် ဒီဗုံးကို တကယ်ခွဲလား မခွဲလားဆိုတာကို ရှင်းသွားမှာပါ။”

ဒီအမှုမှာ တကယ်ပဲ ကိုဖြိုးဝေအောင်နဲ့ ပတ်သက်မှုရှိလား။

“ကျနော်နဲ့ လုံးဝ ပတ်သက်မှုမရှိပါဘူး။”

ကိုဖြိုးဝေအောင်ကို အများကြီးချုပ်နှောင်ခဲ့တယ်။ ရောဂါတွေလည်း ဆိုးဆိုးဝါးဝါးခံစားခဲ့ရတယ်။ ဒီအပေါ်မှာရော ထောင်အာဏာပိုင်တွေနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါလဲ။

“သူတို့နဲ့ ပတ်သက်ပြီးတော့ ကျနော်လည်း မကြာ မကြာပြောပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေါ့။ ကျနော့်လိုမျိုး နောက်နောင် ဘယ်သူမှမဖြစ်ဖို့အတွက် အပြုသဘောဆောင်တဲ့ အကြံဥာဏ်တွေ တတ်နိုင်မျှ လူတွေကို ပြောပြပေးသွားမယ့် အစီအစဉ်ရှိပါတယ်။”

အစိုးရက ၄၀၁ နဲ့ လွှတ်ပေးလိုက်တယ်ဆိုတော့ ဒီပုဒ်မဟာလည်း တကယ်ပဲပြစ်မှုကျူးလွန်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့သဘောမျိုး ဖြစ်နေတယ်ဆိုတော့ ဒီအမှုနဲ့ ပတ်သက်ပြီး အစ်ကို့အနေနဲ့ အယူခံဝင်ဖို့ ရှိပါလား။

“အယူခံဝင်ဖို့တော့ ရှိတယ်။ ၁၄ ရက်နေ့ နေပြည်တော်မှာ။”

တရားဥပဒေအရ လွတ်လွတ်လပ်လပ် ရင်ဆိုင်ခွင့်ရခဲ့ပါလား။

“လုံးဝမရခဲ့ဘူးဗျ။ တရားရုံးမှာ တိတိကျကျ မြန်မာလို ရှင်းရှင်းလင်းရေးထားတဲ့ တချို့အခွင့်အရေးတွေတောင် ကျနော်မရခဲ့ဘူး။ ”

ထိန်းသိမ်းခံရတုန်းက ဘယ်လိုမျိုး စစ်ဆေးမှုတွေ ခံရလဲ။

“ကျနော့်ကို အောင်သပြေ စစ်ကြောရေးမှာ နည်းမျိုးစုံနဲ့ နှိပ်စက်ပါတယ်။ အဓိကတော့ ဘေးမှာ ရိုက်တာဗျ။ ၀န်ခံမလား။ ၀န်မခံရင်ရိုက်တယ်။ နောက်တော့ ၀န်ခံလည်းရိုက်တယ်။ မ၀န်ခံလည်းရိုက်တယ်။”

ဒီအမှုနဲ့ ပတ်သက်မှု မရှိဘူးလို့ တရားရုံးမှာ ထွက်ဆိုခွင့်ရခဲ့လား။

“ကျနော်ကိုယ်တိုင် တရားခံပြသက်သေထွက်တယ်။ ဒီအမှု ၄ မှုစာအတွက် ပေါင်းထွက်တယ်။ ရှေ့နေနဲ့ မပါဘဲ။ ကျနော်ကိုယ်တိုင် ထွက်ချက်ပေးတယ်။ ၆ ချိန်း ထွက်ခဲ့ရတယ်။ အဲဒါမပြီးသေးဘဲနဲ့ တရားသူကြီးက အတင်းရပ်ပစ်လိုက်တယ်။ တကယ်တမ်းတော့ ကျနော့်မှာ ထွက်ဆိုစရာတွေ အများကြီးပဲ။ ရှင်းရှင်းပြောရရင် ခုခံချေပမယ့် စကားတောင် ကျနော်မပြောခဲ့ရဘူး။”

တကယ်ပဲ ဒီအမှုကို မကျူးလွန်ခဲ့ဘူးဆိုရင် ထင်ရှားတဲ့သက်သေအနေနဲ့ ပြောရမယ်ဆိုရင် အစ်ကို့အနေနဲ့ ဘာပြောချင်လဲ။

“သတင်းစာရှင်းလင်းပွဲမှာ ကျနော့်သက်သေနဲ့ ကျနော်ပြမယ်။ ကျနော့်အမှုတွဲမှာရှိတဲ့ တရားလိုပြ သက်သေခံ အထောက်အထားတွေနဲ့ ဖြိုးဝေအောင် X2O ဗုံးမခွဲဘူးဆိုတဲ့ သက်သေပြမှာပါ။”

အဖမ်းအဆီးခံရတဲ့အတွက် အစ်ကို့ရဲ မိသားစုဘ၀ ဘယ်လို ဂယက်တွေ ခံခဲ့ရလဲ။

“အများကြီးပေါ့ဗျာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်က သာမာန် အင်ဂျင်နီယာတယောက်ပါ။ နိုင်ငံရေးသမားတယောက် မဟုတ်ပါဘူး။ ကန်ထရိုက်တာ တယောက်ပါ။ ကိုယ့်စီးပွားရေးနဲ့ကိုယ် ကောင်းကောင်းမွန်မွန် နေတယ်။ ကျနော့်ဘ၀အတွက်တော့ ဒါက ပထမဦးဆုံး ဆိုးဆိုးရွားရွား အတွေ့အကြုံပဲ။”

ဗုံးခွဲမှုမှာ ပတ်သက်မှု မရှိဘဲနဲ့ ဘာကြောင့် တရားစွဲခံရတယ် ထင်လဲ။

“ကျနော့်အထင် တင်တဲ့သက်သေအရ ဗုံးခွဲတယ်လို့ ယူဆရတဲ့ တယောက်ပေါ့။ အဲဒီသူက ကျနော့်သူငယ်ချင်းတယောက် သွားဖြစ်နေတယ်။ သူလည်း အင်ဂျင်နီယာတယောက်ပဲ။ သူနဲ့ကျနော် ၄-၅-၆ နှစ်လောက် အတူ အလုပ်တွေ တွဲလုပ်ဖူးတယ်။ ဗုံးခွဲတာက ဧပြီလပေါ့နော်။ ဇန်န၀ါရီလထဲမှာ သူက ရန်ကုန်လာဖူးတယ်။ ကျနော်နဲ့သူနဲ့ ဆုံတွေ့တယ်။ စကားပြောတယ်။ အဓိကတော့ ကျနော့်ကို လာဖမ်းတာ မဟုတ်ဘူး။ တယ်လီဖုန်းနဲ့ပတ်သက်ပြီး မေးချင်လို့ဆိုပြီးတော့ လာခေါ်တာ။  ပထမပိုင်းက ကျနော့်ကို သံသယမရှိဘူး။ ရိုးရိုးတန်းတန်း စစ်တာ။ နောက်ပိုင်း တရားခံပြေးတွေ အကုန်လုံး မရှိတော့ဘူး။ ပြေးကုန်ပြီဆိုမှ ကျနော့်ကို ထိုးချလိုက်တာ။ အခုလက်ရှိ အနေအထားအရ ဗုံးခွဲတယ်လို့ ယူဆရသူ တယောက်ဟာ ကျနော့်သူငယ်ချင်း ဖြစ်နေတဲ့အတွက် ကျနော်သည် သူနဲ့ ပတ်သက်တဲ့ တယောက်တည်းသော ကျန်ခဲ့တဲ့သူ ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော် အဖမ်းခံရတာပဲ။”

ဆိုတော့ ဒီနေ့မှာပဲ လွတ်ငြိမ်းချမ်းသာခွင့် လွှတ်ပေးလိုက်တယ်ဆိုတာ ဘာကြောင့်လို့ ထင်လဲ။

“အဲဒါကတော့ မစ္စတာကင်တားနားကလည်း တောင်းဆိုတယ်။ အဖွဲ့အစည်းတွေကလည်း တောင်းဆိုတယ်။ ကျနော့်ကျန်းမာရေးကလည်း တော်တော်ဆိုးတော့ အဲဒါတွေ ဆုံပြီး ကျနော့်ကို လွှတ်ပေးတယ်လို့ ထင်တယ်။”

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ ကိုဖြိုးဝေအောင်ဟာ ကင်ဆာရောဂါကြောင့် ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013