DVB Logo
Home
မြန်မာသတင်း
ချေးငွေရရေး တင်ပြပေမယ့် အကြောင်းမပြန်၍ မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များ အခက်ကြုံ
DVB
·
September 1, 2018
ချေးငွေရရေး တင်ပြပေမယ့် အကြောင်းမပြန်၍ မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များ အခက်ကြုံ
Donate to DVB

မွန်ပြည်နယ်က ရာဘာလုပ်ငန်းတွေအတွက် ပြည်နယ်အစိုးရက ချေးငွေစီစဉ်ပေးသလိုမျိုး အရင်းနှီးလိုအပ်နေတဲ့ ဆားလုပ်ငန်းရှင်တွေလည်း ချေးငွေရရှိရေး ပြည်နယ်အစိုးရကို တင်ပြထားပေမယ့် ထူးခြားမှု မရှိသေးဘူးလို့ မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

မွန်ပြည်နယ်မှာ လက်ရှိ ဆားလုပ်ကွက် ဧက ၅ဝဝဝ ရှိပြီး ဧက ၃ဝဝဝ လောက် လုပ်ငန်းလည်ပတ်နေရာ ဧက ၁၅ဝဝ အတွက် ချေးငွေလိုအပ်နေတာကြောင့် ဘဏ်ချေးငွေရရှိရေး တင်ပြထားတာလို့ မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းထိန်က ပြောပါတယ်။

“ကျနော်တို့မွန်ပြည်နယ်မှာ အကြမ်းဖျင်း (ဆားတောင်သူ) ၇ဝ ဦးလောက်ရှိတာ ၃ ပုံ ၁ ပုံလောက်ကတော့ သူတို့ဘာသာသူတို့ အရင်းနှီးဖူလုံတယ်။ ကျန်တဲ့ ၃ ပုံ ၂ ပုံလောက်က လိုတယ်။ လိုတဲ့ပမာဏက မများဘူး။ လုပ်ငန်းရှင်တယောက်က သိန်း ၁ဝဝ ကနေ ၂ဝဝ အထိ ရရင်ပဲ သူတို့တရာသီ အလုပ်လုပ်လို့ရပြီ။ ကျနော်တို့ကလည်း မျှော်လင့်တာက SME ချေးငွေကို သက်သာတဲ့ အတိုးနှုန်းနဲ့ ရာဘာလုပ်ငန်းရှင်တွေကို ပေးသလိုမျိုး ကျနော်တို့ ဆားလုပ်ငန်းရှင်တွေလည်းရအောင်ဆိုပြီး ပြည်နယ်မန်နေဂျာကို တင်တယ်။ ပြည်နယ်မန်နေဂျာကနေ သက်ဆိုင်ရာပြည်နယ်အစိုးရကို တင်ထားတယ်။ အခုအသစ်ဖွဲ့ထားတဲ့ SME အေဂျင်စီက ထောက်ခံချက်ရမှ မြန်မာ့စီးပွားရေးဘဏ်ကို သွားရတယ်။ ဘဏ်မှာ ကျနော်တို့ပေးနိုင်တာဆိုလို့ ပုံစံ ၇ ပဲရှိတယ်။ နိုင်ငံတော်လုပ်ပေးတဲ့ပုံစံ ၇ က ပိုင်ဆိုင်မှုကို ကိုယ်စားပြုပြီး သက်ဆိုင်ရာ မည်သည့်ဘဏ်မှာမဆို ပေါင်နှံခွင့်ရှိတယ်ဖော်ပြထားပေမယ့် ဘဏ်က လက်မခံတာများတယ်။ ကျနော်တို့ဆားတောင်သူတွေ SME ချေးငွေရဖို့ အခုထိ တစ်ယောက်မှ အကောင်အထည်မဖော်နိုင်သေးဘူး။”

၁ ဧကကို ၅ သိန်းနှုန်းနဲ့ ချေးပေးရင် ဆားလုပ်ငန်းရှင်တွေအတွက် အဆင်ပြေပြီဖြစ်ကြောင်းနဲ့ အခုလက်ရှိ အပြင်ကနေ အတိုးကြီးကြီးနဲ့ ချေးငှားပြီးနေရတယ်လို့ ဆိုပါတယ်။

ဆားတောင်သူတွေ SME ချေးငွေရရှိဖို့ သက်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နှင့်သယံဇာတဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း (မွန်ပြည်နယ်အစိုးရအဖွဲ့) ကို ပြီးခဲ့တဲ့ ၂ လကတည်းက တင်ပြထားပေမယ့် တစုံတရာ အကြောင်းပြန်ကြားခြင်းမျိုးမရှိသေးဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒီအပေါ် မွန်ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “လုပ်ကွက်လိုင်စင်က ဆားလုပ်ငန်းအတွက် နှစ်စဉ်ပဲ ကျနော်တို့ ထုတ်ပေးနေတယ်။ ဆားလုပ်ငန်းရှင်အားလုံးကို လုပ်ကွက်လိုင်စင် ပေးထားတယ်။ ချေးငွေကတော့ သူတို့က SME အေဂျင်စီကနေတဆင့် ပြန်လျှောက်နေတယ်။ ချေးငွေထုတ်ချေးတာကဘဏ်က ထုတ်ချေးတာဖြစ်တဲ့အတွက် သူတို့ သတ်မှတ်ချက်တွေတော့ ရှိတာပေါ့။ သတ်မှတ်ချက်နဲ့ အညီပဲ SME လုပ်ငန်းတွေကို ဘဏ်က ထုတ်ချေးပေးနေတယ်။ လုပ်ငန်းရှင်တွေကလည်း သူတို့သတ်မှတ်ချက်နဲ့ ညီညွတ်အောင်လုပ်ရင်တော့ သူတို့ထုတ်ချေးတာပေါ့။ တင်ပြတဲ့နေရာမှာ တချို့အခက်ခဲတွေရှိရင်တော့ ပြည်နယ်အစိုးရကနေပြီး အမြန်ဆုံးအကောင်အထည်ဖော်ပေးတယ်။ ဘဏ်က ပုံစံ ၇ ကို မယူဘူးဆိုရင်လည်း အခြားနည်းသုံးစွဲခွင့်ကို အမှုတွဲတည်ဆောက်ပြီးတော့ ပြည်နယ်အစိုးရကို ပြန်တင်ပေးဖို့လိုတာပေါ့။ လယ်ယာမြေတွေကို အခြားနည်းသုံးစွဲခွင့်လုပ်မယ်ဆိုရင်လည်း ကျနော်တို့ ပြည်ထောင်စုအစိုးရကို တင်ပေးမှာပေါ့။ ပြည်ထောင်စုမှာလည်း ကျနော်တို့ ဆွေးနွေးထားတာတွေရှိတယ်” လို့ ပြောပါတယ်။

ဆားလုပ်ငန်းရှင်တွေရဲ့ တင်ပြချက်တွေအပေါ်မူတည်ပြီး ချေးငွေ သိန်း ၂ဝဝ အောက်နဲ့ ပြည်နယ်အစိုးရရဲ့ ထောက်ခံချက်ရရှိပါက ထုတ်ချေးပေးနိုင်ဖို့ အစီစဉ်ရှိတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားထားပါတယ်။

လက်ရှိမှာ ဆားလုပ်ငန်းရှင်တွေအတွက် နည်းပညာအခက်ခဲနဲ့ ပြည်ပက ဝင်ရောက်လာတဲ့ ဆားတွေနဲ့ ဈေးနှုန်းယှဉ်နိုင်ရန်အတွက် နည်းပညာအကူအညီတွေကိုလည်း ပြည်နယ်အစိုးရက ပူးပေါင်းကူညီပေးသွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။

မွန်ပြည်နယ်မှာ နေလှန်းဆားလုပ်ငန်းကို သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုက္ခမီနှင့်စက်စဲ၊ ပေါင်မြို့နယ်ရှိ ထန်းပင်ချောင်းရွာ၊ ရေးမြို့နယ်ရှိ ပလိုင်ကီးကျေးရွာတို့မှာ လုပ်ကိုင်နေပြီး ပြည်နယ်အတွင်း စားသုံးမှုဖူလုံပါက မန္တလေး၊ တနင်္သာရီ၊ ပဲခူး စတဲ့ ငါးလုပ်ငန်းဈေးကွက်တွေကို တင်ပို့နေတာဖြစ်ပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013