လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို အန်အယ်လ်ဒီပါတီ တာဝန်များ ရပ်ဆိုင်း
ပြည့်ဘုန်းအောင်
·
September 1, 2018

ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့ကို စက်တင်ဘာ ၁ ရက်နေ့မှာ အန်အယ်လ်ဒီပါတီ တာဝန်တွေကနေ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တရားဝင်စာနဲ့ အကြောင်းကြားလာတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
"ဘာကြောင့်လဲဆိုတာတော့ ကျနော်လည်း မသိဘူး။ ဒီနေ့မှ မြို့နယ်ရုံးက တရားဝင်စာရောက်လာမှသိတာ။ စာထဲမှာက ကျနော်ကော ဒဂုံက ဒေါ်သက်သက်ခိုင်ကောကိုပါ တာဝန်က ရပ်ဆိုင်းလိုက်ပြီဆိုတာပဲပါတယ်” လို့ ဦးကျော်ဇေယျက ပြောပါတယ်။
ပါတီတာဝန်တွေကနေ ရပ်ဆိုင်းမယ့်အကြောင်းကို သူ့အနေနဲ့ ကြားသိထားတာ ကြာနေပြီဖြစ်ပေမယ့် တရားဝင်ရပ်ဆိုင်းမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပါတီဗဟိုအလုပ်မှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာလို့ ဦးကျော်ဇေယျက ပြောတယ်။
ဒါပေမယ့် လက်ရှိအချိန်အထိတော့ ဦးကျော်ဇေယျတို့ကို ပါတီရုံးချုပ်ကနေ တရားဝင်ခေါ်တွေ့ အသိပေးတာ၊ ပါတီရဲ့တရားဝင် စာမျက်နှာကနေ ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။
"ပါတီတာဝန် မရှိတော့တဲ့အတွက် ပြည်သူ့တာဝန်ကို ပိုထမ်းဆောင်လို့ရသွားတာပေါ့ဗျာ။ ကိုယ်စားလှယ်အဖြစ်က ရှိသေးတာပဲလေ'' လို့ သူက ဆိုပါတယ်၊
ဦးကျော်ဇေယျနဲ့ ဒေါ်သက်သက်ခိုင်တို့ဟာ အန်အယ်လ်ဒီအစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ လွှတ်တော်တွင်း ဝေဖန်ထောက်ပြခဲ့မှုတွေ ရှိထားပါတယ်။