DVB Logo
Home
မေးမြန်းခန်း
ဒိုင်ဗားစတီးစာစောင်အာမခံကြေး ကျပ် ၅ သိန်းကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်း
DVB
·
August 3, 2012
ဒိုင်ဗားစတီးစာစောင်အာမခံကြေး ကျပ် ၅ သိန်းကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်း
1 / 2
Donate to DVB

စာပေစိစစ်ရေးနဲ့ ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီကထုတ်ဝေတဲ့ ဒိုင်ဗားစတီး (Diversity) စာစောင် အာမခံကြေး ကျပ် ၅သိန်းကို စာပေစိစစ်ရေးက နိုင်ငံတော်ဘဏ္ဍာအဖြစ် ဒီနေ့ သိမ်းဆည်းလိုက်ပါတယ်။

ဒီအကြောင်း အပြည့်အစုံ သိရအောင် ပါတီဥက္ကဋ္ဌ ကိုနေမျိုးဝေကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဒိုင်ဗားစတီးက ဘာဖြစ်တာလဲ။

“စာပေစိစစ်ရေးကနေ ဒိုင်ဗားစတီးရဲ့ ထုတ်ဝေခွင့် ပရီမီယံကြေးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းတယ်လို့ ပြောပါတယ်ဗျ။”

ဘာကြောင့်လို့ ပြောလဲဗျ။

“ဒိုင်ဗားစတီး စာစဉ် ၂၅ ဇူလိုင်လမှာ ၂ အုပ် ထုတ်တယ်။ စာစဉ် ၁၈ နဲ့ ၁၉ ထုတ်တယ်။  စာစဉ် ၁၉ သည် ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် ၄၂ နဲ့ မကိုက်ညီတာကြောင့် ကျနော်တို့ပါတီရဲ့ နသ ထုတ်ဝေခွင့် ပရီမီယံကြေး ၅ သိန်းကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းတယ်လို့ ဆိုပါတယ်။”

အဲဒီစာစဉ်မှာ ဘာတွေ ပါလို့လဲဗျ။

“ဘာရေးထားလဲဆိုတော့ အများကြီးပဲ။ ပြောရရင်တော့ အယ်ဒီတာအာဘော်က ဆင်ဆာကို ကျော်လွှားခြင်းတဲ့။ သမ္မတလူကြီးမင်းနှင့် တွေ့ဆုံခြင်း သို့မဟုတ် ပါတီတွေကို ဆင်ဆာဖြတ်ခြင်း။ နောက်တပုဒ်က ဦးဦးဖျားဖျား ဥပဒေနဲ့အညီ ဆန္ဒဖော်ထုတ် ရန်ကုန်တိုင်းအတွင်းမှ မတရားလယ်သိမ်းခံ လယ်သမားများ ပူးပေါင်းပါဝင်၊ နောက်တခုက ရွာပိုင်မြေတွေကို ရောင်းစားထားခြင်း ရပ်မိရပ်ဖများ ရွာဖွံ့ဖြိုးရေးအတွက် ပြန်လည်တောင်းခံ၊ နောက်ပြီးတော့ နိုင်ငံတော်က သိမ်းဆည်းပြီး မြေရိုင်းများသဖွယ် ဖြစ်နေသော လယ်ယာမြေများ ပြန်လည်နေရာချထားပေးပါရန်၊ အစိုးရနဲ့ ပြည်သူ ဆိုတဲ့ ဆောင်းပါး၊ စိုက်ပျိုးလုပ်ကိုင်ထားသော မြေ၊ ခြံကွက်လေးတော့ ပြန်ချပေးပါ။ လယ် ၁၂ ဧက သိမ်းပြီးတာတောင် ခြံကွက်လေးကို ရန်လာရှာ၊ နောက်တပုဒ်က လယ်သမားများ နစ်နာမှုကို ရှင်းလင်းတင်ပြခြင်း၊ မွန်ပြည်နယ် ကျိုက်မရောမြို့က ဆရာတော်ဘုရားနှင့် ရွာသူရွာသားများ၏ သောက၊ နောက်ဆုံးတပုဒ်က citizen journalist များ ဖြစ်ရမည်။”

အခုပိတ်တာက ဘယ်အပုဒ်ကြောင့်လို့ မပြောဘူးလား။

“မပြောဘူးဗျ။ အဲဒီမှာ တင်ပြတဲ့ဟာတွေက နည်းနည်း စကားနဲ့ ရှင်းပြတာတော့ ရှိတယ်။ ကျနော်တို့ ဒိုင်ဗားစတီးမှာ ပါတာတွေသည်တဲ့ ပါတီရဲ့ မူဝါဒ၊ သဘောတရား၊ လုပ်ငန်းစဉ်၊ ပါတီစည်းရုံးရေးလုပ်ငန်းစဉ်များကိုသာ ဖော်ပြရမှာ ဖြစ်တယ်တဲ့။ ဒါကြောင့် ဒီပြဿနာတွေကို ဖော်ပြတာနဲ့ ပတ်သက်ပြီး သူကပြောချင်တာပေါ့။ ဒါနဲ့ပတ်သက်လို့ ကျနော်ပြောပြီးပါပြီ။ နိုင်ငံရေး လုပ်တယ်ဆိုတာ မူဝါဒပြောင်းလဲရေးနဲ့ ပတ်သက်လို့ လုပ်တယ်၊ နံပါတ် ၁ က၊ ဥပဒေတွေပြင်မယ်ပြောင်းမယ်။ နောက်ပိုင်က ယန္တရားထိန်းကြောင်းရေးအတွက် လုပ်မယ်။ အုပ်ချုပ်ရေး ၀န်ထမ်းတွေ အဂတိလိုက်စားတာ၊ အောက်ခြေမှာ မှားယွင်းဆုံးဖြတ်ချက်ချတဲ့ ပြဿနာတွေ ကျနော်တို့ရေးမယ်။ အဲဒါက နိုင်ငံရေးပြုပြင်ပြောင်းလဲခြင်း ၂ မျိုးဖြစ်တယ်။ မူဝါဒပြုပြင်ပြောင်းလဲခြင်းနှင့် ယန္တရားထိန်းကျောင်းခြင်းကို တစိုက်မတ်မတ် ကျနော်တို့လုပ်နေတယ်ဆိုတာကို တင်ပြပြီးပါပြီ။ ဒါမှမလုပ်ရင် နိုင်ငံရေးလုပ်စရာမရှိဘူး။

“အဲတော့ ယန္တရားထိန်းကျောင်းခြင်း လုပ်ငန်းတွေလုပ်တဲ့အခါမှာ သူတို့နားမလည်သေးတာက ဥပမာ လူနှစ်ယောက် လူသတ်မှုဖြစ်တယ်ဆိုရင် ဒါရာဇ၀တ်မှု၊ ဒါမျိုး ကျနော်တို့က မရေးဘူး။ အဲမှာ သက်သေခံပစ္စည်းဖျောက်တယ်၊ အလောင်းဖျောက်တယ်၊ ရဲဝန်ထမ်းကသော်လည်းကောင်း၊ အုပ်ချုပ်ရေးကသော်လည်းကောင်း၊ တရားသူကြီးကသော်လည်းကောင်း ပါဝင်ပတ်သက်ပြီဆိုရင် နိုင်ငံရေးမှုဖြစ်ပြီ။ အဲဒါမျိုးဆိုရင် ယန္တရားထိန်းကျောင်းဖို့လိုတဲ့အတွက် ကျနော်တို့က ရေးပြီ။ ဒါနဲ့ မှုခင်းလိုင်းရေးတာနဲ့ မတူဘူး။ သူတို့ကွဲကွဲပြားပြားမသိဘူးလို့ ယူဆတယ်။ ရွာလုံးကျွတ်ပြောင်းရွှေ့ဖို့လုပ်တယ်။ လူမှုထိခိုက်မှုတွေ။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေဖြစ်လာရင် ကျနော်တို့ ရေးသားတင်ပြမယ်။ ဒါ နိုင်ငံရေးရာ မှုခင်းဖြစ်လာပြီလို့ ယူဆယ်တယ်။”

ကိုနေမျိုးဝေ အခု သူက ပရီမီယံကြေးသိမ်းတယ်ဆိုတဲ့သဘောက ဘယ်လိုသဘောဆောင်သလဲဗျ။ ဘယ်လိုနားလည်လဲ။

“ရှေးခေတ်နဲ့ကြည့်မယ်ဆိုရင် ဒါ ထောင်ကျတဲ့ အကွက်တွေပေါ့။ အခုကတော့ ကျနော်တို့နဲ့ အစိုးရကြားမှာ ငွေဆိုတာလေး ခံထားတဲ့အတွက် ထောင်တော့မကျဘူးပေါ့။ ငွေသိမ်းခံရတဲ့ အပြစ်ဒဏ်ကို ကျခံရတာပေါ့။ အစိုးရဘက်၊ နိုင်ငံရေး အခြေအနေဘက်ကကြည့်ရင် အရင်ခေတ်ကထက် တိုးတက်တယ်လို့ ဆိုပါရစေ။ အဆိုးထဲက အကောင်းရှာ ချီးမွမ်းကြည့်တာပေါ့လေ။”

စာစောင်ကရော ဆက်ထုတ်ဝေခွင့်ရလား။ ဘယ်လိုသဘောပါလဲ။

“ကျနော်တို့ ငွေ ၅ သိန်းသာပေးနိုင်ရင် ဆက်ထုတ်ဝေခွင့်ရမယ်ပြောပါတယ်။ ငွေ ၅ သိန်းရှာဖွေသွင်းဖို့ကတော့ ခက်တာပေါ့၊ ပါတီမှာ ငွေကြေးရန်ပုံငွေတွေ ရှိတဲ့ ပါတီမဟုတ်တဲ့အခါကျတော့၊ အဲတော့ အများပြည်သူဆီကပဲ အလှူခံကြည့်ရမှာပေါ့။ ရွာသူရွာသားတွေဆီကပဲ။”

ဒီရက်ပိုင်းမှာပဲ ဂျနယ် ၂ စောင်လည်း အပိတ်ခံလိုက်ရတယ်။ ပါတီ စာစောင်အပေါ်မှာလည်း ဒီလိုအရေးယူလာတယ်။ အဲဒီအပေါ်မှာ နိဂုံးချုပ်အနေနဲ့ သုံးသပ်ပေးပါ။

“လွတ်လပ်စွာ ရေးသားပြောဆိုခွင့်တွေ ဒီမှာမရှိသေးဘူးဆိုတာ ပေါ်လွင်တာပေါ့။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေ ပေးပါ ပေးပါလို့ မတောင်းချင်ဘူး။ လွတ်လပ်စွာပြောဆိုရေးသားခွင့်တွေ ကျင့်သုံးပြီး ရေးမှာ ရေးမှာလို့ပဲ ပြောချင်ပါတယ်။”

ပါတီစာစောင် အာမခံကြေး သိမ်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းကြေညာချက်တရပ်လည်း ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီကြေညာချက်မှာ စာစဉ်များဆက်လက်ထုတ်ဝေနိုင်ရေးအတွက် ပါတီမှ ထိုငွေကြေးရရှိဖို့  ကြိုးစားသွားမည်ဖြစ်ပြီး နိုင်ငံရေးအရ လက်ရှိပါတီမှ ဆောင်ရွက်နေသော ကိစ္စရပ်များကိုလည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဒီမိုကရေစီနည်းလမ်းကျကျ နိုင်ငံသားများနှင့်အတူ ဆက်လက်ပြီး ဥပဒေများ ထွက်ပေါ်လာရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013