
ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ထောင်းဖာဖူးမြို့နယ်ထဲမှာ မြန်မာအမျိုးသမီးတယောက်က သူ့ရဲ့ သမီးအရင်းကို ခြေလက် ကြိုးတုပ်ပြီး ရေနွေးပူနဲ့ လောင်းချခဲ့တဲ့အမှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထောင်းဖာဖူးမြို့နယ်၊ ထာ့ခနွန်ရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးမှာ ခန္ဓာကိုယ်တခုလုံး အပူလောင်ရာတွေပြည့်နေတာကို ဆွေမျိုးနဲ့ အသိတွေက တွေ့ရှိပြီး မေးမြန်းရာက မိခင်အရင်းဖြစ်သူ နန်းကယောက် (အသက် ၃၂ နှစ်) ရဲ့လက်ချက် ဖြစ်တာကြောင့် သက်ဆိုင်ရာတွေကို တိုင်ကြားခဲ့ပါတယ်။
အဲဒီနောက် ကန်ချနပူရီခရိုင် လူမှုဖွံ့ဖြိုးရေးနဲ့ လူသားရင်းမြစ်လုံခြုံရေးဌာနက တာဝန်ရှိသူတွေဟာ ဇူလိုင် ၂၃ ရက်က မိန်းကလေးကို တွေ့ဆုံမေးမြန်းပြီး ဆေးရုံပို့ပေးလိုက်ပါတယ်။
ဇူလိုင် ၁၇ ရက်က မိခင်ဖြစ်သူ နန်းကယောက်မှာ အပြင်ကနေ ပြန်လာတော့ သူချက်ထားတဲ့ ဝက်သားဟင်း လျော့နေတာ တွေ့ရတယ်၊ သမီးဖြစ်သူ မအေးက ဆေးသောက်စရာရှိလို့ ဝက်သား ၂ တုံး ယူစားမိတယ်လို့ ပြောတယ်၊ ဒါကို မိခင်က အလွန်စိတ်ဆိုးပြီး သူ့ကို ခြေရော လက်ပါ ကြိုးတုပ်ကာ အိမ်တိုင်မှာ ချည်ထားလိုက်ပါတယ်။
ဒါတင်မကသေးဘဲ ရေနွေးအိုးတည်ပြီးတာနဲ့ မအေးရဲ့ ကျောကုန်းကနေ ခန္ဓာကိုယ်ကို လောင်းချလိုက်တာကြောင့် မအေးမှာ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပါတယ်။
လူမှုကူညီရေးအဖွဲ့က မအေးကို ဆေးရုံပို့ပေးလိုက်တာမှာ ဒဏ်ရာပြင်းထန်တာကြောင့် ခွဲစိတ်ကုသရတယ်၊ ရက်ပေါင်း ၂၀ လောက်ကြာရင်တော့ သက်သာမယ်လို့ ယူဆကြောင်း ဆရာဝန်က ပြောပါတယ်။
ဇူလိုင် ၂၃ ရက်မှာပဲ ထောင်းဖာဖူးနယ်မြေရဲစခန်းက ကိုယ့်သမီးကိုယ် ပြန်ပြီးနှိပ်စက်တဲ့ မိခင် နန်းကယောက်ကို ဖမ်းဆီးလိုက်ပြီး ထိုင်းနိုင်ငံထဲ တရားမဝင် နေထိုင်မှုနဲ့ ကနဦး အရေးယူလိုက်ပါတယ်။
ဖြစ်စဉ်အသေးစိတ်နဲ့ နောက်ထပ် သက်သေအထောက်အထားတွေ ခိုင်လုံတဲ့အခါမှာ ရဲတပ်ဖွဲ့က နန်းကယောက်ကို တပါးသူအား ဒဏ်ရာပြင်းစွာရအောင် ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ ကလေးတယောက်ပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နာကျင်စေလိုမှုတွေနဲ့ ထပ်မံအရေးယူလိုက်ပါတယ်။
ဇူလိုင် ၂၄ ရက်မှာ ထောင်းဖာဖူးမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေဟာ ဆေးရုံတက်နေတဲ့ မအေးကို လာရောက်ကြည့်ရှုအားပေးပြီး ကျန်းမာရေးအာမခံကိစ္စရအောင်ပါ စီစဉ်ပေးခဲ့ကာ မအေး ဆေးရုံဆင်းပြီးရင် လူငယ်ဖွံ့ဖြိုးရေးဂေဟာမှာ ဆက်လက်စောင့်ရှောက်ထားမယ်လို့ ဆိုပါတယ်။
မအေးဟာ ထိုင်းနိုင်ငံမှာ မွေးဖွားပြီး နိုင်ငံမဲ့ကလေးမှတ်ပုံတင် ကိုင်ဆောင်ကာ ထိုင်းကျောင်းကို ၆ တန်းထိ အောင်မြင်ခဲ့ပါတယ်။
သူ့အမေနဲ့ အဖေက ကွဲနေပြီး အသက် ၈ နှစ်သမီးကတည်းက အဘွားနဲ့အတူ နေခဲ့တယ်၊ အဘွားဆုံးသွားတော့ မအေးဟာ အမေနဲ့အတူ ပြန်လာနေရတယ်၊ သူ ၆ တန်းအောင်ပေမဲ့ အမေက သူ့ကို ကျောင်းဆက်မထားဘဲ အလုပ်လုပ်ခိုင်းတယ်၊ အမေက နောက်အိမ်ထောင်နဲ့ ကလေး ၂ ယောက်ရှိတယ်၊ သူ့အမေမှာ ရောဂါအခံရှိပြီး လောင်းကစား ဝါသနာပါတယ်၊ စိတ်တို စိတ်ဆတ်ပြီး မအေးကိုလည်း အမြဲလို ဆဲဆိုနှိပ်စက်လေ့ရှိတယ်လို့ အကြောင်းသိသူတွေက သတင်းထောက်တွေကို ပြောသွားပါတယ်။
Source: MGROnline / News CH24 / Kanchanaburi News










