DVB Logo
Home
မြန်မာသတင်း
နမ္မတူတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တိုက်ပွဲဖြစ်၊ ရွာသား ၈၀၀ ကျော်ထွက်ပြေး
DVB
·
August 31, 2018
နမ္မတူတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တိုက်ပွဲဖြစ်၊ ရွာသား ၈၀၀ ကျော်ထွက်ပြေး
1 / 2
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် အနီးနားတ၀ိုက်က ရွာသားပေါင်း ၈၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့မနက်က သူတို့ရွာထဲရောက်နေတဲ့ တီအန်အယ်လ်အေတပ်ဖွဲ့နဲ့ ရွာပြင်က တပ်မတော်တို့ အပြန်အလှန်ပစ်ခတ်တာကြောင့် နေအိမ် ၄ လုံး လက်နက်ကြီး ထိမှန်ပြီး တရွာလုံး အ၀တ်တထည်ကိုယ်တခုနဲ့ နမ္မတူမြို့နယ် မိုင်းမုဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနေရတယ်လို့  နားပုံရွာသူ နန်းမွန်းခမ်းက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီနေ့က မနက် ၇ နာရီလောက် ကျမလည်း ထမင်းဟင်းချက်မလို့ လုပ်တုန်း သေနတ်သံတွေကြားရတယ်။  ခေါင်းပေါ်မှာ တရွီးရွီးနဲ့ ကြောက်စရာကြီး၊ ဘေးအိမ်ကလည်း ပြေးကြ ပြေးကြလို့ပြောတော့ ကျမတို့လည်း အ၀တ်တထည်ကိုယ်တခုနဲ့ တန်းပြေးတာပဲ။  ကျွဲနွားတွေလည်း ဒီတိုင်းလွှတ်ထားခဲ့ရတယ်။ ကျမတို့ ၂ နာရီခွဲလောက်ကြာအောင် ခြေ ကျင်လျှောက်လာကြတယ်။ ပိန်းလုံ ရွာနားရောက်တော့ သူများက ကားနဲ့ လာကြိုပြီး ဒီဘုန်းကြီးကျောင်းမှာ လာချထားတယ်ရှင့်။ နောက်မှရောက်လာတဲ့လူတွေပြောပြတာ၊ အဲဒီနေ့ က ၁ နာရီနီးပါးပစ်ကြပြီး နေအိမ် ၄ လုံး ကျည်ဆန်ထိတယ်တဲ့၊ နံရံတွေပေါက်ကုန်တယ်တဲ့။”

တပ်မတော် နဲ့ မြောက်ပိုင်းမဟာမိတ် (အထူးသဖြင့် တီအန်အယ်လ်အေ) တပ်ဖွဲ့တွေဟာ သြဂုတ် ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာလည်း ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် နမ့်ဆီလင်း၊ နားပုံ၊ မန့်မိုင်၊ ဆန်ခါ၊ ကောင်းဟုန်း စတဲ့ ကျေးရွာက ပြည်သူ ၈၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သူတို့တွေကို မန်စံ နဲ့ မိုင်းမု ကျေးရွာဘုန်းကြီးကျောင်းတွေမှာ နေရာချထားပေးတယ်လို့ နမ္မတူမြို့နယ် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီမှ စိုင်းရန်ပြေက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဆီ ရောက်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေက သြဂုတ် ၂၉ ရက်ကနေ ဒီနေ့ထိဆို ၈၀၅ ဦး ရှိပါတယ်။ မန်စံရွာမှာ အိမ်ထောင်စု ၁၈၀၊ လူဦးရေ ၅၈၄ ယောက် သူတို့ကို မန်စံမြောက်ကျောင်း၊ ဘုရားကြီး နဲ့ တီအီးစီ ခရစ်ယာန်ဘော်ဒါဆောင်မှာ နေရာချထားပေး တယ်။ မိုင်းမုရွာ ဘုန်းကြီးကျောင်းမှာတော့ အိမ်ထောင်စု ၈၇ စုက လူဦးရေ ၂၉၀ ဦး ရောက်နေပါတယ်ခင်ဗျ။ လောလောဆယ်စားဖို့သောက်ဖို့ ဘုန်းကြီးကျောင်းနဲ့ ရွာခံက ကျွေးမွေးထားပြီး မိုင်းမုကျောင်းက ရွာသားတွေက အ၀တ်အစားတွေ ပါမလာလို့ အ၀တ်အ ထည်နဲ့ စောင်တွေ လိုအပ်နေပါတယ်၊ အထူးသဖြင့် ကလေးဝတ်အင်္ကျီတွေ လိုနေတယ်။”

မန်စံရွာဘုန်းကြီးကျောင်းတွေမှာ အရင်လကလည်း စစ်ဘေးရှောင်တွေ လက်ခံခဲ့ပြီး အဲဒီအဖွဲ့က ပြီးခဲ့တဲ့ ၂၀ ရက်နေ့က ပြန်သွားပြီဖြစ်ကာ အခုနောက်တသုတ် ထပ်ရောက်လာတာ ဖြစ်ပါတယ်။

နမ္မတူစစ်ဘေးရှောင်တွေကို ထောက်ပံ့လှူဒါန်းလိုပါက ကူညီစောင့်ရှောက်ရေးကော်မတီ ဖုံးနံပါတ်  ၀၉ ၉၆၁ ၈၀၀၆၂၀ ၊ ၀၉ ၉၆၆၁၀၀၄၂၄ ၊ ၀၉ ၉၆၁၉၇၁၁၂၂ ၊ ၀၉ ၉၇၄၈၇၄၆၃၆ တို့ကို ဆက်သွယ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013