DVB Logo
Home
မြန်မာသတင်း
ရေနံချက်လုပ်ငန်းကနေ တနှစ်ကို အခွန် ကျပ်သိန်း ၁၅၀၀ ခန့်ပေးသွင်းနေ
DVB
·
August 31, 2018
ရေနံချက်လုပ်ငန်းကနေ တနှစ်ကို အခွန် ကျပ်သိန်း ၁၅၀၀ ခန့်ပေးသွင်းနေ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာရွာအနီးရှိ ပုဂ္ဂလိက ရေနံချက်ဖို လုပ်ငန်းကနေ နိုင်ငံတော်ကို နှစ်စဉ်အခွန်ငွေ ကျပ်သိန်းပေါင်း ၁၅၀၀ ခန့်ပေးသွင်းနေတယ်လို့ သိရပါတယ်။

စွမ်းအင်ဝန်ကြီးဌာနကနေ တရားဝင်ခွင့်ပြုထားတဲ့ စွမ်းအားဖွံ့ဖြိုး အများပိုင်ကုမ္ပဏီအောက်မှာ လုပ်ငန်းရှင်ပေါင်း ၁၂၇ ဦးရှိပြီး ရေနံချက်ဖိုပေါင်း ၃၅၀ ရှိပါတယ်။

အဲဒီလုပ်ငန်းရှင်တွေက နှစ်စဉ် စည်ပင်ခွန်၊ မြေခွန်၊ အမြတ်ခွန်၊ အထူးကုန်စည်ခွန်၊ စွမ်းအင်ခွန်၊ သတ္တုခွန် စတဲ့ ၆ မျိုးအတွက် ကျပ်သိန်းပေါင်း ၁၅၀၀ လောက်ကို နိုင်ငံတော်ကို ပေးသွင်းနေတာ ၁၀ နှစ်ဝန်းကျင်ရှိပြီလို စွမ်းအားဖွံ့ဖြိုး အများပိုင် ကုမ္ပဏီ တာဝန်ရှိသူက ပြောပါတယ်။

“တရားဝင်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအားလုံးပေါ့ အမြတ်ခွန်တို့၊ စည်ပင်ခွန်တို့အပြင် တခြားအခွန်တွေကော နှစ်စဉ် တာဝန်ကျေကျေ ပေးသွင်းနေပါတယ်။ အားလုံး ကျပ်သိန်း ၁၅၀၀ ဝန်းကျင်ရှိပါတယ်။ ဒါပေမယ့် အခွန် မဆောင်ဘဲ တရားမဝင် လုပ်နေတဲ့ ရေနံချက်ဖိုတွေလည်း ရှိနေတယ်။ ဒါတွေကိုလည်း အရေးယူပေးဖို့ လိုအပ်တယ်။”လို့ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောပါတယ်။

ဒါ့အပြင် ရေနံချက်ဖိုတွေမှာလည်း ဒေသခံတွေ အပါအဝင် အနယ်နယ် အရပ်ရပ်က လာရောက်လုပ်ကိုင်နေတဲ့ အလုပ်သမား ၄၅၀၀ ကျော်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဒေါ်လာဈေးနဲ့အတူ နိုင်ငံခြားက တင်သွင်းတဲ့ စက်သုံးဆီဈေးနှုန်းတွေလည်း မြင့်တက်နေပေမယ့် ဒေသတွင်း ချက်ဖိုကနေ ထွက်ရှိတဲ့ စက်သုံးဆီကတော့ မျှော်မှန်းထားသလောက် ရောင်းအားမကောင်းပါဘူး။

ကျောက္ကာရေနံချက်ဖိုက ထွက်ရှိတဲ့ စက်သုံးဆီတွေကို ဒေသတွင်း လယ်ယာလုပ်ငန်းတွေအပြင် ချင်းတွင်းမြစ်အထက်ပိုင်း ရွှေမျောတွေလုပ်ငန်းတွေ၊ ဖားကန့်ကျောက်စိမ်းဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းတွေကို တင်ပို့ရောင်းချနေတာပါ။

လတ်တလောမှာ ဆီဈေးအနည်းငယ်တက်နေတာကြောင့် ရောင်းလိုအားမကျပေမယ့် ဝယ်လိုအားတော့ နည်းနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတွေက တရားမဝင်ရေနံချက်ဖိုတွေရဲ့ ဈေးပြိုင်မှုတွေရှိနေတဲ့အတွက်လည်း အခက်အခဲတွေရှိတယ်လို့ သိရပါတယ်။

ကျောက္ကာရေနံချက်ဖိုကို စစ်ကိုင်းတိုင်းအပါအဝင် အဓိကအားဖြင့် မကွေးတိုင်းက ထွက်ရှိတဲ့ ရေနံစိမ်းကုန်ကြမ်းကို အဓိကအားထားပြီး လုပ်ကိုင်နေကြတာပါ။ တရက်ကို ရေနံစိမ်း ပေပါအလုံးရေ ၂ ထောင်ဝန်းကျင် ဝင်ရောက်နေပြီး ကုန်ချောကတော့ တရက်ကို ပေပါအလုံး ၁၀၀၀ နဲ့ ၁၅၀၀ အကြားမှာသာ ရောင်းချနေရပါတယ်။

ရေနံချက်ဆီ ၁ ပေပါကို ငွေကျပ် ၁၆၀၀၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းချနေရပြီး ကုန်ကြမ်းကတော့ ၁၃၀၀၀၀ ဝန်းကျင်ပေးဝယ်နေရတယ်လို့သိရပါတယ်။

လက်ရှိမှာ မကွေးတိုင်းအစိုးရအဖွဲ့ကလည်း ဒေသတွင်း ရေနံချက်ဖိုတွေကို ခွင့်ပြုပေးဖို့ စီစဉ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး တိုင်းအတွင်းက ထွက်ရှိတဲ့ ရေနံစိမ်းတွေကို တိုင်းခြားပို့ခွင့်မပြုတော့ဘူးဆိုတဲ့ အသံတွေလည်း ထွက်ပေါ်နေတာကြောင့် ကုန်ကြမ်း အခက်အခဲဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြတာပါ။

လက်ရှိမှာ ဒိန်းမတ်အပါအဝင် နိုင်ငံခြားအကူအညီနဲ့ ရေနံချက်ဖိုတွေကိုလည်း ထင်းအစားထိုး အဆင့်မြင့်နည်းပညာတွေနဲ့ ပြင်ဆင်မှုတွေလည်း လုပ်ဆောင်နေပြီး ၃၀ ရာခိုင်နှုန်းလောက်သာ ထင်းသုံးစွဲတော့တယ်လို့ သိရပါတယ်။

ထင်းအစားထိုး အခြားနည်းလမ်းတွေ သုံးစွဲလာပြီဆိုပေမယ့် ကျောက္ကာရေနံချက်ဖိုတွေကို နေ့စဉ် ထင်းကားအစီးရေ ဆယ်ချီ ဝင်ရောက်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013