DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှု၏ ဆိုးဝါးသည့် ရိုက်ခတ်မှုများ ရင်ဆိုင်နေရဟု မြန်မာသမ္မတ ပြောကြား
DVB
·
August 31, 2018
အကြမ်းဖက်မှု၏ ဆိုးဝါးသည့် ရိုက်ခတ်မှုများ ရင်ဆိုင်နေရဟု မြန်မာသမ္မတ ပြောကြား
Donate to DVB

မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုရဲ့ ဆိုးဝါးတဲ့ရိုက်ခတ်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။  

နီပေါနိုင်ငံမှာ သြဂုတ် ၃၀ ရက်က ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ ထိပ်သီးအစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောရာမှာ ပြောသွားတာပါ။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုရဲ့ ဆိုးဝါးတဲ့ ရိုက်ခတ်မှုတွေကို ရင်ဆိုင်နေရတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို များစွာအလေးထားပြီး၊ BIMSTEC ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှ ဆက်လက်တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သွားမယ်”လို့ ကတိပြုပြောသွားပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေးဟာ နိုင်ငံအများစုရဲ့ အဓိကစီးပွားရေးဖြစ်တယ်၊  စိုက်ပျိုးရေးဟာ ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အစားအစာနဲ့ အာဟာရလုံခြုံမှုကဏ္ဍကနေပြီး အထောက်အကူပြုနေတယ်။ ယနေ့ကမ္ဘာမှာ တိုးပွားနေတဲ့ လူဦးရေအတွက် အစားအစာနဲ့ အာဟာရလုံခြုံမှုရှိဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ၂၀၅၀ ခုနှစ်မှာ လူဦးရေ ၉ ဒသမ ၆ ဘီလီယံ အထိရှိလာမယ်လို့ ခန့်မှန်းပြီး ကမ္ဘာ့လူ ဦးရေရဲ့ ၂၂ ရာခိုင်နှုန်း နေထိုင်တဲ့ BIMSTEC ဒေသဟာလည်း ဒီစိန်ခေါ်မှုကို မလွဲမသွေ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒေသတွင်း နိုင်ငံတွေအနေနဲ့ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ စွမ်းအင်ကုန်သွယ်မှုတို့ကို တိုးမြှင့် ဆောင်ရွက်သွားဖို့၊ အဖွဲ့ဝင်နိုင်ငံတွေအကြား ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့  ရင်းနှီးမြှုပ်နှံနဲ့ ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားဖို့လည်း မြန်မာသမ္မတက ပြောသွားပါတယ်။

ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးပွဲကို  ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့က နိုင်ငံခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့ အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပထမဆုံး စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၁၈/၂၀၁၉ ခုနှစ်အတွင်း လက်ခံကျင်းပသွားဖို့ ရှိနေတယ်လို့လည်း အစိုးရ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ- သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013