
ရွှေတူးဖော်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက နိုင်ငံတော်ကို ပေးသွင်းရမယ့် ရွှေကျပ်သား ပေါင်း ၁ သောင်းကျော် ကျန်ရှိနေပြီး ပေးသွင်းဖို့ ပျက်ကွက်တဲ့ လူပုဂ္ဂိုလ် ၁၃၇ ဦးကို ဌာနက တရားစွဲထားတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။
သြဂုတ် ၃၀ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အတွင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာအပေါ် ပြန်လည်ရှင်းလင်းတင်ပြရာမှာ ဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။
“ရရန်ရှိတဲ့ ရွှေစင် ၁၅၅၈၁ ဒသမ ၂၄ ကျပ်သားမှာ ၃၁ ရက် ၇ လ ၂၀၁၈ အထိတော့ ၉၁၅ ဒသမ ၇၅ ကျပ်သား ကောက်ခံရရှိပြီး စာရင်းရှင်းပြီး ဖြစ်ပါတယ်။ ကျန်တဲ့ ရွှေစင် ၁၃၆၀၅ ဒသမ ၆၇ ကျပ်သားနဲ့ စာရင်းရှင်းလင်းပယ်ဖျက်ရန် ဆောင်ရွက်နေတဲ့ ရွှေစင်ကတော့ ၁၆၇၇ ဒသမ ၈၇ ကျပ်သားနဲ့ ကျန်ရွှေစင် ၁၁၉၁၈ ဒသမ ၈၀ ကျပ်သားကိုတော့ စောလျင်စွာ ရရှိရေးအတွက် တရားစွဲဆို ကောက်ခံလျက် ရှိပါတယ်။”
လူပုဂ္ဂိုလ် ၁၃၇ ဦးကို ဌာနက တရားစွဲဆိုထားတယ်လို့လည်း ၀န်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်ထဲမှာ ၀န်ကြီးဌာနက ထိုးပြသွားတဲ့ ဆလိုက်ထဲမှာတော့ ရွှေတူးဖော်ထုတ်လုပ်တဲ့ ကုမ္ပဏီအတော်များများ တရားစွဲခံထားရတဲ့ထဲ ပါရှိပါတယ်။
အစိုးရက ရရန်ကျန်ရှိတဲ့ ရွှေစင်ကျပ်သားတွေဟာ ခေတ်အဆက်ဆက်မှာ ရွှေတူးဖော်တဲ့ ကုမ္ပဏီတွေက ပေးသွင်းရမယ့် ရွှေစင်တွေဖြစ်ပြီး အန်အယ်လ်ဒီအစိုးရလက်ထက်ကျမှ ပြန်လည်တောင်းခံပြီး ပြန်မပေးနိုင်တဲ့ ကုမ္ပဏီတွေကို တရားစွဲဆိုလာတာ ဖြစ်ပါတယ်။











