DVB Logo
Home
မြန်မာသတင်း
ထိုင်းအလုပ်ရှင် အပိုင်းပိုင်းဖြတ် မီးရှို့အသတ်ခံရမှုဖြင့် မြန်မာ ၂ ဦးအပါအဝင် ၅ ဦး ဖမ်းဆီးခံရ
DVB
·
August 30, 2018
ထိုင်းအလုပ်ရှင် အပိုင်းပိုင်းဖြတ် မီးရှို့အသတ်ခံရမှုဖြင့် မြန်မာ ၂ ဦးအပါအဝင် ၅ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ အနောက်မြောက်ပိုင်း၊ ကန်ကျနပူရီခရိုင်ထဲမှာ ခြံလုပ်ငန်းရှင် တဦး လွန်ခဲ့တဲ့ ၃ နှစ်က အပိုင်းပိုင်းခုတ်ဖြတ်ပြီး မြေမြှုပ်မီးရှို့ခံရတာနဲ့ ပတ်သက်လို့ နယ်မြေခံရဲတပ်ဖွဲ့က ခြံအလုပ်သမားဟောင်း ၅ ဦးကို စုံစမ်း ဖော်ထုတ်ဖမ်းဆီးလိုက်ပါတယ်။

အဆိုပါ ၅ ဦးထဲမှာ ထိုင်းလူမျိုး ၃ ဦး နဲ့  မြန်မာ အလုပ်သမား ၂ ဦးတို့ ပါဝင်ပြီး သူတို့ကို ကန်ကျနပူရီခရိုင် ထောင်းဖာဖူးမြို့နယ်နဲ့ နခွန်းပထုန်ခရိုင်တွေမှာ ဖမ်းဆီးရမိခဲ့တယ်လို့  ကန်ကျနပူရီ ခရိုင်ရဲမှူးကြီး ဖူးမင်းန် ဖုန့်ဖန်းမုံ့က သြဂုတ် ၂၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လူသတ်မှုခေါင်းဆောင်မှာ အသက် ၃၆ နှစ်ရွယ်  ဖူးဖာထောင်န်း ဆိုသူဖြစ်ပြီး သူဟာ သူ့အလုပ်ရှင် နိုင်းနဝဖုန်း (အသက် ၅၆ နှစ်)ရဲ့ ဇနီးနဲ့ ဖောက်ပြန်နေတာကို အလုပ်ရှင် သိသွားတာက တကြောင်း၊ အလုပ်ရှင် ဇနီးဖြစ်သူက ရရှိမယ့်အမွေတွေကို အပိုင်စီးချင်တာက တကြောင်းမို့ သူ့ရဲ့လူယုံ မြန်မာ အလုပ်သမား ၂ ဦး၊ ဂျော်နီ (၂၅ နှစ်) နဲ့ မျိုးအောင် (၃၆ နှစ်) ၊ ထိုင်းအလုပ်သမား ၂ ဦး (နာ့သ်ဖုန်း ( ၂၇ နှစ်) နဲ့ မွန်ဒရီ (၂၂ နှစ်) တို့ကို စည်းရုံးကာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် သြဂုတ်လက လုပ်ကြံသတ်ဖြတ် အလောင်းဖျောက်ခဲ့ကြတယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။

မြန်မာလုပ်သား ဂျော်နီရဲ့ ဖွင့်ဟဝန်ခံချက်အရ သူဌေးဟာ သဘောကောင်းသူဖြစ်လို့ သူတို့အနေနဲ့ လေးစားချစ်ခင်ကြောင်း၊ ဒါပေမယ့် ဖူးဖာထောင်းန်က သူဌေးဟာ အောက်လမ်း အတတ်ကို တတ်ကျွမ်းပြီး သူမကြိုက်တဲ့သူတွေကို ဒုက္ခရောက်အောင်လုပ်နိုင်ကြောင်း အစရှိသဖြင့် သူဌေးမကောင်းကြောင်းတွေချည်း ပြောတဲ့အတွက် နားယောင်ခဲ့မိကြောင်း၊ လူသတ်မှုဖြစ်တဲ့နေ့က သူတို့ ၅ ဦးဟာ သူဌေးရဲ့ အခြားခြံတခြံဆီသွားပြီး သူက ထမင်းဆာတယ် ပြောပြီး အိမ်ထဲ အရင်ဝင်သွားကြောင်း၊ သူဌေး အငိုက်မိသွားချိန် နောက်က ဝှက်ယူသွားတဲ့ တုတ်နဲ့ သေအောင် ရိုက်သတ်ခဲ့တယ်လို့ ဝန်ခံပြောဆိုပါတယ်။

အဲဒီနောက် သူတို့ဟာ သူဌေးရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ် မြေမြှုပ်ကာ ကားတာယာနဲ့ မီးရှို့ခဲ့တယ်လို့ ၀န်ခံသွားပါတယ်။  ယမန်နေ့ကတော့ တာဝန်ရှိသူတွေဟာ သူဌေးရဲ့ အလောင်းမြှုပ်ခဲ့တဲ့ နေရာကို သွားရောက်ပြီး ဘက်ဟိုး မြေတူးစက်နဲ့ စတင် တူးဖော်ရှာဖွေနေပါတယ်။

သူဌေးရဲ့သားဖြစ်သူက သူ့ဖခင်ဟာ ခြံသွားရင်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားလို့ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တာပါ။

လူသတ်ခေါင်းဆောင် ဖူးဖာထောင်းန်မှာ သူဌေး ပျောက်ဆုံးပြီးတဲ့နောက် သူ့မှာ တင်နေတဲ့ အကြွေးတွေ အကုန်ဆပ်နိုင်သလို နောက်ထပ်မြေကွက် ၂ ကွက်ပါ ဝယ်ယူထားကြောင်း၊ သူဌေးရဲ့ဇနီးကလည်း သူဌေးပိုင်မြေတကွက်ကို ဘတ် ၁၀ သန်းနဲ့  ရောင်းချထားတာ သိရတဲ့အတွက် ကွင်းဆက်တွေ စုံစမ်းရင်း တရားခံတွေ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က သူတို့ ၅ ဦးကို လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု၊ သူတပါးပိုင် ဥစ္စာပစ္စည်း ယူဆောင်မှု၊ ပူးပေါင်းကြံစည်မှုတွေနဲ့ အရေးယူ အပြစ်ပေးသွားမယ်လို့ ကန်ကျနပူရီခရိုင် ရဲမှူးကြီးက ပြောပါတယ်။

ဓာတ်ပုံ - MGRonline

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013