
“ဘဝရဲ့ အတိုက်အခိုက်များ… မြေမှာကျ… နင်းပြီးဖြတ်ကျော်ဦး… အသွားအပြန် မညီတဲ့ တခြားလူတွေရဲ့ နားလည်မှုလွဲတုန်း…”
ဒါကတော့ လတ်တလောထွက်ရှိလာတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲ Season 1 ရဲ့ Winner ဆုရှင် ငွေစိုးရဲ့ သီချင်းသစ်တပုဒ်ထဲက သီချင်းစာသားတွေပါ။
ဒီသီချင်းရဲ့ နာမည်ကိုတော့ တကယ်ဝေးခဲ့ရင်လို့ အမည်ပေးထားခဲ့ပြီး ရေးစပ်ပေးခဲ့သူကတော့ နေဝါ ဖြစ်ပါတယ်။
The Voice Myanmar ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် ဒီသီချင်းကို မျှဝေထားခဲ့တာ ဖြစ်ပြီး သီချင်းကို ဒေါင်းလုတ်ရယူနိုင်မယ့် Spotify, Joox နဲ့ iTunes လင့်ခ်တွေကိုပါ မျှဝေထားခဲ့တာပါ။
“ကြားလေသွေးလေတော့… တို့နှစ်ယောက် တကယ်ဝေးခဲ့ရင်… ဘယ်သူက ထိခိုက်မှာလဲ… ဘယ်သူက ဆုံးရှုံးမှာလဲ… ဘယ်သူက တို့ကို နားလည်ပြီး… အရာရာ ခွင့်လွှတ်ပေးဦးမလဲ… ဘယ်သူကတော့ မှားနေတယ်… ဘယ်သူက လမ်းပြမှာလဲ… ဘယ်သူက တို့ကို… ရှေ့ဆက်ပြီးတော့… နှစ်သိမ့်ပေးဦးမလဲ… ဘယ်သူ တို့ဘက် ရှိနိုင်မလဲ”
မြန်မာနိုင်ငံမှာ ပထမအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ ဒီသီချင်းဆိုပြိုင်ပွဲဟာ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ ပြိုင်ပွဲတခုဖြစ်ခဲ့ပြီး အားပေးမှုတွေလည်း အခိုင်အမာရှိခဲ့တဲ့ ပြိုင်ပွဲတခုပါ။
ဒိုင်တွေဖြစ်ကြတဲ့ အဆိုတော် လင်းလင်း၊ ကျားပေါက်၊ ရန်ရန်ချန်းနဲ့ နီနီခင်ဇော်တို့ရဲ့ နည်းပြပေးမှုတွေနဲ့ တဆင့်ချင်း တက်လာခဲ့ကြတဲ့ ပြိုင်ပွဲဝင်တွေဟာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲမှာတော့ ငွေစိုးက ရာဇဝင်များရဲ့ သတို့သမီးသီချင်းနဲ့ ယှဉ်ပြိုင်ကာ Winner ဆုရရှိသွားခဲ့တာပါ။
The Voice Myanmar 2018 ပြိုင်ပွဲမှာ ဆုရရှိတဲ့ ပြိုင်ပွဲဝင်အနေနဲ့ ဆုကြေးငွေ ကျပ်သိန်း ၂၀၀ အပြင်၊ Universal Studio နဲ့ အတူ တေးသီချင်းပြုလုပ်ခွင့်ရရှိမှာဖြစ်ကာ ဒီသီချင်းကတော့ ပွဲဦးထွက် ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။










