DVB Logo
Home
ဆောင်းပါး
အချိုးကျ ကိုယ်စားပြုမှုစနစ် ဘာလဲ ဘယ်လဲ
DVB
·
August 3, 2012
Donate to DVB

အခုတလော နိုင်ငံရေးလောကမှာ ပြောဆိုတွင်ကျယ်နေတဲ့ စကားလုံး တခုကတော့ Proportional Representative system (PR) လို့ ခေါ်တဲ့ ပါတီအလိုက် အချိုးကျ အမတ်တွေ ရွေးချယ်စေလွှတ်နိုင်တဲ့ စနစ် ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီ ကိုယ်စားလှယ်တွေကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နဲ့ တွေ့ဆုံ တင်ပြခဲ့ပြီးဖြစ် သလို ကော်မရှင်ဥက္ကဋ္ဌက လွှတ်တော်ကို ဆက်ပြီး တင်ပြပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ဒီအတွက် ဒီစနစ်နဲ့ ပတ်သက်ပြီး ဘာကို ဆိုလိုတယ်၊ ဘယ်နိုင်ငံတွေမှာ ကျင့်သုံးနေတယ်၊ မြန်မာပြည် မှာ ကျင့်သုံးရင် ဘယ်လို အကျိုးအပြစ်ဖြစ်နိုင်တယ် ဆိုတာကို လေ့လာထားဖို့ ဒေါ်အောင်ဆန်းစုကြည် ကနေ သူ့ပါတီရဲ့ လွှတ်တော်အမတ်တွေကို ညွှန်ကြားချက် ပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒီအတွက် လောလောဆယ် မြန်မာနိုင်ငံရေးလောကမှာ ဒီကိစ္စ ဘယ်လို ရောက်လာသလဲ၊ ဘာအဓိပ္ပာယ်ရှိသလဲ၊ ဒီအကြောင်းအရာ ဆွေးနွေးရင် နောင်ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာတွေကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ဒီအချိုးကျ စနစ်အကြောင်း စပြီး ပြောခဲ့သူတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကနေ ထွက်ခွာခဲ့ပြီး အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီ ထောင်ထားတဲ့ ဦးခင်မောင်ဆွေ နဲ့ ဒေါက်တာသန်းငြိမ်းတို့ဆီကနေ အစပြုတာ ဖြစ်ပါတယ်။ အားမနာတမ်းပြောရရင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက သူတို့ပါတီဝင်အဖြစ် ရွေးကောက်ပွဲ ၀င်ခဲ့ပြီး အမတ် ဖြစ်ကာမှ အခြားပါတီ ထောင်သူထောင်၊ မိခင်ပါတီ ကူးသူကူး၊ တသီးပုဂ္ဂလ နေသူနေ ဖြစ်လာတဲ့ အခြေအနေအောက်မှာ အမတ်တွေထက် ပါတီ သြဇာ ပိုရှိတဲ့ ပီအာစနစ်ကို တင်ပြခြင်းပဲ ဖြစ်ပါတယ်။ ကောင်းပါပြီ။ ပီအာ စနစ်အကြောင်း ကြည့်ကြရအောင်ပါ။

လွှတ်တော်ရွေးကောက်ပွဲ စနစ်တွေနဲ့ ပတ်သက်ရင် ကမ္ဘာမှာ ကျင့်သုံးတဲ့ စနစ် ၃ မျိုး ရှိတယ်လို့ သိရပါတယ်။ ပထမ တခုကတော့ လက်ရှိ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံ အများအပြားမှာ ကျင့်သုံးနေတဲ့ မဲဆန္ဒနယ်မြေ တခုကနေ လူပုဂ္ဂိုလ်တဦး စီကို ရွေးချယ်တင်မြှောက်တဲ့ (First Past The Post) စနစ် ဖြစ်ပါတယ်။ ဒုတိယ တခုကတော့ လက်ရှိ နိုင်ငံရေးပါတီ တချို့ ပြောနေတဲ့ ပီအာ စနစ် ဒါမှမဟုတ် အချိုးကျ ကိုယ်စားပြုစနစ်နဲ့ တတိယကတော့ ဒီစနစ် နှစ်မျိုးကို ရောထားတဲ့ MMP စနစ် ဆိုပြီး ၃ မျိုးရှိပါတယ်။ ပြောရရင် ပီအာစနစ် သက်သက် ကျင့်သုံးတဲ့ နိုင်ငံရယ်လို့ ကမ္ဘာမှာ မရှိသလောက် အလွန်နည်းပါတယ်။ ဒီ စနစ်အကြောင်းတွေ အသာထားလို့ လက်ရှိ အရင် စစ်အစိုးရက မတရားနည်းပေါင်းစုံသုံးပြီး အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရွေးကောက်ပွဲစနစ်နဲ့ ကော်မရှင်အကြောင်း အရင်ပြောပြချင်ပါတယ်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း လက်ရှိ ဖွဲ့စည်းပုံအရ လွှတ်တော်အသီးသီးမှာ ပြည်သူက ရွေးကောက်တင်မြှောက်တာ မဟုတ်ဘဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နာမည်စာရင်းပေးသွင်းတဲ့ တပ်မတော်သားအမတ်က ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် ၄ ပုံ ၁ ပုံ ပါဝင်နေပါတယ်။ တကယ့်တကယ် ပြန်ဆန်းစစ်လိုက်ရင် ဒါဟာ တပ်မတော်ရဲ့ ကိုယ်စားလှယ် ဆိုတာမျိုး မဟုတ်ဘဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆိုတဲ့ လူပုဂ္ဂိုလ် တဦးတည်းရဲ့ ကိုယ်စားလှယ်တွေသာ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ ဒီ ကိုယ်စားလှယ်တွေကို အချိန်မရွေး ထုတ်ပယ်နိုင်သလို အစားထိုး ခန့်အပ်ပိုင်ခွင့်လည်း ရှိနေပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၊ ၃၀ က အင်ဒိုနီးရှား အာဏာရှင် ဆူဟာတို လုပ်ခဲ့တဲ့ ပုံစံကို ပုံတူကူးထားတာဖြစ်ပြီး လက်ရှိ ခေတ်သစ် အခြေအနေနဲ့ ဘယ်လိုမှ မကိုက်ညီသလို ဘယ်ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့မှလည်း မကိုက်ညီပါဘူး။

နောက်ပြဿနာတခုက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ခွဲခြားထားတဲ့ ပြဿနာ ဖြစ်ပါတယ်။ ရွေးကောက်တင်မြှောက်ပုံ နည်းစနစ် ကွဲပြားမှုကနေ ဖြစ်ပေါ်လာတဲ့ ဒီလွှတ်တော် ၂ ရပ် လုပ်ပိုင်ခွင့်တွေ အတူတူပဲ ထားထားတာဟာလည်း အလွန်အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ် ဖြစ်နေပါတယ်။ နောက်တချက်ကတော့ ရွေးချယ်တင်မြှောက်ပုံဆိုင်ရာ ကိစ္စ တွေမှာ အလွန်အရေးကြီးတဲ့ ရွေးကောက်ပွဲကော်မရှင် ကိစ္စ ဖြစ်ပါတယ်။ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ဟာ ဘယ်နိုင်ငံတွေနဲ့မှမတူ ရွေးကောက်ပွဲကို ကျင်းပပေးရုံမက နိုင်ငံရေးပါတီ အားလုံးရဲ့ အထက်မှာနေပြီး နိုင်ငံရေးပါတီတွေကို အပြစ်ပေး အရေးယူနိုင်သည်အထိ အာဏာရယူထားတဲ့ အဖွဲ့အစည်းလည်း ဖြစ်နေတာပါပဲ။ ဒီထက်အရေးကြီးတာ တခုကတော့ ဒီ ကော်မရှင်ဟာ ပါတီအားလုံးနဲ့ မဲဆန္ဒရှင်ပြည်သူတွေ ယုံကြည်ကိုးစားလောက်တဲ့ သူတွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူး ဆိုတာပါပဲ။

တကယ်တော့ ပြောရရင် မြန်မာနိုင်ငံမှာ အထက်ပါကိစ္စတွေကို အရင်ရှင်းရမှာပါ။ လွှတ်တော်ထဲမှာ ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေပဲ ရှိနေဖို့၊ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာဟာ အားလုံး လက်ခံယုံကြည်နိုင်လောက်တဲ့ သူတွေနဲ့ ဖွဲ့စည်းဖို့၊ ကော်မရှင်ဟာ ရွေးကောက်ပွဲကျင်းပရေးကိုပဲ တာဝန်ယူပြီး ပါတီတွေ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် ရပ်တည်ဖို့ စတာတွေဟာ အဓိကကျ အရေးလည်းကြီးတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ ဒါတင်မက တိုင်းပြည်မှာ ဒီမိုကရေစီ ပိုပြီးထွန်းကားလာအောင် သမ္မတ ကို မဲဆန္ဒရှင်တွေ တိုက်ရိုက်မဲပေး စနစ်နဲ့ ရွေးချယ်တာ၊ မြို့တော်ကြီးတွေရဲ့ မြို့တော်ဝန်တွေကို တိုက်ရိုက် မဲပေးရွေးချယ်စေတာ စတဲ့ ဒီမိုကရေစီ တိုးတက်မြင့်မားရေး ပြည်သူတွေရဲ့ ဆန္ဒတွေနဲ့ အညီ တိုင်းပြည်ကို အုပ်ချုပ်ရေး စတာတွေကို အကောင်အထည်ဖော်ဖို့ လိုအပ်နေပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ အန်ဒီအက်ဖ် ပါတီခေါင်းဆောင်တွေနဲ့ ပါတီ တချို့ဟာ တိုင်းပြည် ဒီမိုကရေစီ ထွန်းကားရေး၊ ပြည်သူ့ဆန္ဒကို ပိုမိုအလေးထားရေး ဆိုတာထက် ကိုယ့်တပါတီစီရဲ့ အကျိုးစီးပွားအတွက်ပဲ ကြည့်ပြီး မယောင်ရာ ဆီလူးတဲ့ ပီအာစနစ် ကျင့်သုံးရေးကို တင်ပြလာတာ ဖြစ်ပါတယ်။ ဒီ တင်ပြချက်ကြောင့် တိုင်းပြည်ဒီမိုကရေစီ ထွန်းကားရေးမှာ အနှောင့်အယှက် ဖြစ်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွှတ်တော်အဆင့်ဆင့်ရဲ့ ၂၅ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားတဲ့ကိစ္စ၊ ဘယ်သူကမှ လက်မခံနိုင်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ကိစ္စ၊ နိုင်ငံရေးပါတီတွေ အားလုံးအထက်ကနေပြီး ကိုယ်ပိုင်တရားရုံးသဖွယ် ပြုမူနေနိုင်တဲ့ ကော်မရှင် ဥပဒေ ကိစ္စတွေကနေ လမ်းလွဲကို ရောက်သွားစေနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013