DVB Logo
Home
မြန်မာသတင်း
ရေကြီးပြီး နိမ့်ကျသွားသည့် ဆွာချောင်း တံတားအတွက် ယာယီဘေလီတံတား စထိုး
DVB
·
August 30, 2018
ရေကြီးပြီး နိမ့်ကျသွားသည့် ဆွာချောင်း တံတားအတွက် ယာယီဘေလီတံတား စထိုး
1 / 3
Donate to DVB

ဆွာချောင်းရေကြီးပြီး နိမ့်ကျသွားတဲ့ ရန်ကုန်-နေပြည်တော် အမြန်လမ်းအပိုင်းရှိ   ဆွာချောင်းတံတားအတွက် ယာယီဘေလီ တံတား စထိုးနေပြီလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။

ဒီကနေ့မနက် ၂ နာရီခွဲအချိန်လောက်ကစပြီး ဘေလီတံတားထိုးဖို့ သံဘောင်တွေကို စက်ယန္တရားတွေ ကျွမ်းကျင်လုပ်သားတွေနဲ့ စတင်တပ်ဆင်နေပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးနဲ့ ဌာနအကြီးအကဲတွေကိုယ်တိုင် အနီးကပ် ကြီးကြပ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

နေပြည်တော်ဘက် အပြန်လမ်းဘက်ခြမ်း တံတားချဉ်းကပ်လမ်း ကြံ့ခိုင်စေဖို့   ကျောက်ကြီးတွေဖြည့် ဆောင်ရွက်နေပြီး ဆောက်လုပ်ရေးအင်ဂျင်နီယာအဖွဲ့တွေ လုပ်သားတွေ၊ သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ဆွာချောင်းတမံ ရေပိုလွှဲဆည် အတွင်းဘက်နံရံ ပဲ့ကျမှုကြောင့် ဆွာချောင်းတံတားရဲ့ ရေလယ်တိုင်နှစ်တိုင် နိမ့်ကျခဲ့ရသလို  ဆွာမြို့နဲ့ အနီးနားကျေး ရွာတွေမှာလည်း ရေကြီးနေပါတယ်။

ဒါ့အပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ် ၁၆၁ မှ ၁၆၆ အကြား၊ ရေတာရှည်မြို့နယ်နဲ့ သာဂရကျေးရွာအကြားရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၁၆၉ နှင့် ၂၀၄ အကြားကားလမ်း အထက် ရေအမြင့် ၁ ပေမှ ၄ ပေခန့်အထိ ရေကျော်လို့ လမ်း ယာယီပိတ်ထားခဲ့ရပါတယ်။

ဆွာချောင်းတံတား အပြန်ဘက်ခြမ်းမှာတော့ မော်တော်ယာဉ်ငယ်တွေကို  အလှည့်ကျ ဖြတ်သန်းခွင့် ပေးထားပြီး ခရီးသည်တင် ဘတ်စ်ကားကြီးတွေကတော့ ဖြတ်သန်းသွားလာခွင့် မရရှိသေးပါဘူး။

ဆွာချောင်းရေလှောင်တမံရေပိုလွှဲဟာ မနေ့မနက်  ၅ နာရီ ၄၅ မိနစ်ခန့်က အရှည် ပေ ၃၆၀ ခန့် ကျိုးပေါက်ခဲ့ရာ ရေတာရှည်မြို့နယ်အတွင်း ဆွာမြို့အပါ အဝင် ကျေးရွာအုပ်စုပေါင်း ၁၇ အုပ်စု၊ ကျေးရွာ ၈၅ ရွာ ရေဝင်ရောက်ခဲ့ပြီး အိမ်ထောင်စု ၁၄၃၅၇ စုလူဦးရေ ၆၃၄၂၁ ဦး ရေဘေးသင့်ခဲ့တာပါ။

ဆွာချောင်းရေလှောင်တမံဟာ ရေဆင်းဧရိယာစုစုပေါင်း ၄၀၃ စတုရန်းမိုင်ရှိပြီး နှစ်စဉ် ၃၁၂၀၄၀ ဧကပေခန့် စီးဝင်ရေရှိကာ ကန်ရေပြည့် ရေလှောင်ပမာဏမှာ ၂၁၆၃၅၀ ဧကပေ ရှိတယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါရေလှောင်တမံရဲ့ ခံနိုင်ရည်မှာ ကန်ရေပြည့် အမြင့် ၃၃၇ ပေ  လက်ခံနိုင်ပါတယ်။ အခုနှစ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ကန်ရေအမြင့် ၃၃၈ ဒသမ ၆ ပေ အထိရောက် ရှိခဲ့ပြီး ပင်မဆည် ရေပိုလွှဲတံခါးရဲ့ ခံနိုင်ဝန်ထက် ကျော်လွန်ခဲ့တာကြောင့် ရေပိုလွှဲ နိမ့်ကျပျက်စီးခဲ့တာလို့ ဆိုပါတယ်။

ဆွာချောင်းရေလှောင်တမံရှိ ပင်မရေပိုလွှဲနံရံ ကျိုးကျလို့ ရေကြီးမှုဒဏ်ခံနေရတဲ့ ရေတာရှည်မြို့နယ်ကို ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အပါအဝင်  ပြည်ထောင်စုဝန်ကြီးတွေ မနေ့က သွားရောက်ကြည့်ရှုပြီး လိုအပ်တဲ့ အကူအညီတွေ ပေးခဲ့ပါတယ်။

ဓာတ်ပုံ-MOC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013