DVB Logo
Home
မြန်မာသတင်း
ရေတာရှည်မြို့နယ်၌ ရွာပေါင်း ၈၅ ရွာ၊ လူ ၅သောင်းကျော် ရုတ်တရက်ရေဘေးသင့်
DVB
·
August 29, 2018
ရေတာရှည်မြို့နယ်၌ ရွာပေါင်း ၈၅ ရွာ၊ လူ ၅သောင်းကျော် ရုတ်တရက်ရေဘေးသင့်
Donate to DVB

ဆွာချောင်းတမံ ရေပိုလွှဲနံရံကျိုးကျတာကြောင့် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၈၅ ရွာက လူဦးရေ ၅၀၀၀၀ ကျော် ရေဘေးသင့်နေပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနရဲ့ စာရင်းတွေအရ အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော်က လူဦးရေ ၅၀,၀၀၀ ကျော် ရေဘေးသင့်နေပြီး တောင်ငူမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၄ခု ဖွင့်ထားပါတယ်။

တောင်ငူမြို့နေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမခက “ဒူးလောက်ကနေ လူတရပ်ကျော်အထိ မြုပ်တဲ့နေရာလည်းမြုပ်တယ်။ ကျေးရွာပေါင်း ၈၅ ရွာမြုပ်နေတယ်။ လူတဦး ရေထဲမျောပါပြီး သေတယ်”လို့ ပြောပါတယ်။

ဆွာတမံဘက်က ရေဆင်းလာတာရပ်သွားပြီး မိုးမရွာရင် ရေပြန်ကျသွားနိုင်တယ်။ ရေတာရှည်ဘက်က ရေတွေဟာ စစ်တောင်းမြစ်ထဲ စီးဝင်မှာဖြစ်လို့ စစ်တောင်း မြစ်ကမ်းဘေးက မြို့ရွာတွေ သတိထားနေထိုင်ကြဖို့လိုတယ်လို့လည်း ပြောပါတယ်။

နိမ့်ဆင်သွားတဲ့ ဆွာချောင်းတံတာနားမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဘေလီတံတား တစီးထိုးဖို့ အားချင်းပြင်ဆင်နေကြပါတယ်။

သြဂုတ် ၂၉ ရက် ဒီမနက် ၆ နာရီလောက်မှာ ရေတာရှည်မြို့နယ်ရှိ ဆွာချောင်းတမံ ရေပိုလွှဲဆည် အတွင်းဘက်နံရံ ပြတ်ကျမှုကြောင့် ဆွာချောင်းတလျှောက် ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာပါ။

ရေဘေးသင့်နေသူတွေကို နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအ၀င်၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ လာရောက်ပြီး ရေဘေးသင့် ပြည်သူတွေအတွက် ကယ်ဆယ်ရေး ထောက်ပံ့ရေး သယ်ယူပို့ဆောင်ရေးတွေ အတွက် ဆောင်ရွက် ပေးဖို့ အစီအစဉ်တွေကို တိုင်ပင်ဆွေးနွေးပြီး ညွှန်ကြားခဲ့ပါတယ်။

ဒေသခံ ရေဘေးသင့်ပြည်သူတွေဟာ နီးစပ်ရာ စာသင်ကျောင်းနဲ့ ဘုန်ကြီးကျောင်းတွေမှာ နေရာထိုင်ခင်းတွေ စီစဉ်ပေးထားတာကို တွေ့ရပါတယ်။

ဒီကနေ့ ညနေ ၄ နာရီအချိန်မှာတော့ ရေအနည်းငယ်ပြန်လည်ကျဆင်းနေတာကို တွေ့ရပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

ဒါအပြင် ရေဘေးသင့် ပြည်သူအချို့ဟာလည်း မိမိနေထိုင်ရာ အိမ်တွေကိုလည်း ပြန်လည်သွားရောက် နေကြတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013