DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာတွေအပေါ် နှိပ်ကွပ်မှု တာဝန်ယူ တာဝန်ခံရန် ကုလ တိုက်တွန်းတောင်းဆို
DVB
·
August 29, 2018
ရိုဟင်ဂျာတွေအပေါ် နှိပ်ကွပ်မှု တာဝန်ယူ တာဝန်ခံရန် ကုလ တိုက်တွန်းတောင်းဆို
Donate to DVB

ရိုဟင်ဂျာတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် မြန်မာအနေနဲ့ တာဝန်ယူ တာဝန်ခံဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် သြဂုတ် ၂၈ ရက်က လုံခြုံရေးကောင်စီမှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်အရေး  အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

ကုလသမဂ္ဂ အချက်အလက်ရှာအဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာတပ်မတော် ခေါင်းဆောင်တွေကို စွပ်စွဲဖော်ပြထားပြီး နိုင်ငံတကာ ဥပဒေနဲ့အညီ အရေးယူဖို့ တိုက်တွန်းထားတာပါ။

ဒီအစီရင်ခံစာ တွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို ကုလသမဂ္ဂအဖွဲ့အစည်းတွေ အားလုံးက အလေးအနက်ထား စဉ်းစားဆောင်ရွက်မယ်လို့ ယုံကြည်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

“တာဝန်ယူ တာဝန်ခံမှု လုပ်ငန်းကို အများယုံကြည်မှုရှိစေဖို့၊ ပွင့်လင်းမြင်သာရှိစေဖို့၊ သမာသမတ်ရှိဖို့နဲ့ လွတ်လပ်မှုရှိဖို့၊ ဒါ့အပြင် နိုင်ငံတကာ ဥပဒေအောက်မှာ မြန်မာအနေနဲ့ တာဝန်ရှိရှိ လိုက်နာလုပ်ဆောင်ဖို့ ထိရောက်တဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးလိမ့်မယ်” လို့ မစ္စတာ ဂူတာရက်စ်က ပြောပါတယ်။

အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေကတော့ အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူရမယ်လို့ ပြောပါတယ်။

ဆွီဒင်နဲ့ နယ်သာလန်နိုင်ငံတွေကတော့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ) ကို လွှဲပေးဖို့ လုံခြုံရေးကောင်စီကို တောင်းဆိုပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံကတော့ နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့ မြန်မာအပေါ် ဖိအားပေးမှုတွေ ရပ်တန့်ဖို့၊ စိတ်ရှည်ဖို့နဲ့ ဒုက္ခသည်တွေ အမြန်ဆုံး နေရပ်ပြန်ရေးအတွက် မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ဆွေးနွေးဆောင်ရွက်ဖို့ ပြောပါတယ်။

ရခိုင်ကိစ္စကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဆွေးနွေးဖြေရှင်းဖို့နဲ့ ဒုက္ခသည်တွေကို မြန်နိုင်သမျှ အမြန်ဆုံး နေရပ်ကို ပြန်လည်စတင်ပို့ဆောင်ရေး ဦးစားပေးလုပ်ဆောင်ဖို့၊ ပြန်ပို့တဲ့ လုပ်ငန်းစဉ်အတွင်းမှာ လွတ်လပ်စွာ သွားလာခွင့်နဲ့ နိုင်ငံသားဖြစ်ခွင့်ကိစ္စတွေ တဖြည်းဖြည်း ဖြေရှင်းဖို့လည်း ကုလသမဂ္ဂဆိုင်ရာ တရုတ် လက်ထောက်သံအမတ်ကြီး ဝူဟိုင်တာအိုက တိုက်တွန်းပါတယ်။

ရုရှားနိုင်ငံကတော့ ခက်ခဲနက်နဲတဲ့ ရခိုင်ပြည်နယ်ပြဿနာကို ငြိမ်းချမ်းတဲ့ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့နဲ့ မျှမျှတတနဲ့ ထိပ်တိုက်ရင်ဆိုင်တာ မလုပ်ဘဲ ချဉ်းကပ်ဖို့ တိုက်တွန်းပါတယ်။

ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး မာဆူဒ် ဘင်မိုမန်ကတော့ သီတင်းပတ်တိုင်းမှာ ရိုဟင်ဂျာတွေအပေါ် နှိပ်ကွပ်မှုတွေနဲ့ လူမဆန်မှု သက်သေအထောက်အထား အသစ်တွေ ရရှိနေတယ်၊ သက်သေအထောက်အထား ပေါ်ထွက်လာတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အရေးယူ တုံ့ပြန်ဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီကို တောင်းဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းကတော့ ကုလသမဂ္ဂ  အချက်အလက်ရှာအဖွဲ့ရဲ့ ဘက်လိုက်မှုနဲ့ သမာသမတ် မရှိမှုတို့ကြောင့် အချက်အလက်ရှာအဖွဲ့နဲ့  မြန်မာအစိုးရက ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်တာလို့ ပြောပါတယ်။

ခုလို လုံခြုံရေးကောင်စီ အစည်းအဝေးမတိုင်ခင် ဒီအစီရင်ခံစာ ထုတ်ပြန်တာဟာ  ဒီအဖွဲ့ရဲ့ ဓမ္မဓိဋ္ဌာန်ကျမှု၊ ဘက်မလိုက်မှုနဲ့ ရိုးသားမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ မြန်မာသံအမတ်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့  တနှစ်ပြည့်ချိန်မှာ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ ဗြိတိန်နိုင်ငံရဲ့ ကမကထပြုမှုနဲ့  တံခါးဖွင့်အစည်းအဝေး ကျင်းပခဲ့တာပါ။

ဒီအစည်းအဝေးမှာ UNHCR ရဲ့ ချစ်ကြည်ရေးသံတမန် ဟောလိဝုဒ်မင်းသမီး ကိတ်ဘလန့်ချတ်လည်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပြီး မနှစ်က ဘင်္ဂလားဒေ့ရှနိုင်ငံမှာ ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့စဉ်က သေလောက်အောင် ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အမျိုးသမီးတွေကို ရက်ရက်စက်စက် စော်ကားမှုတွေ၊ သူတို့ချစ်တဲ့သူတွေ မျက်စိရှေ့မှာ အသတ်ခံရတာတွေ ကြားသိခဲ့ရတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော်ခေါင်းဆောင် ၆ ဦးကို လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပြီး ဒီ နိုင်ငံတကာဥပဒေတွေအရ စုံစမ်းစစ်ဆေးဖို့ သြဂုတ် ၂၇ ရက်မှာ အစီရင်ခံစာထုတ်ပြန် အကြံပြု တိုက်တွန်းထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013