DVB Logo
Home
မြန်မာသတင်း
နမ့်လန်တွင် နောက်ထပ် ရွာသား ၁ ဦး သေနတ်ပစ်ခံရ
DVB
·
August 29, 2018
နမ့်လန်တွင် နောက်ထပ် ရွာသား ၁ ဦး သေနတ်ပစ်ခံရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စုမှာ ယမန်နေ့ညက ရွာသား တဦး အိမ်ထဲမှာ နေစဉ် အမည်မသိ သေနတ်သမားရဲ့ ဝင်ရောက်ပစ်ခတ်တာ ခံခဲ့ရပါတယ်။

နမ့်လန်အုပ်စု ကျူတောကျေးရွာတွင်နေထိုင်သူ ဦးဆန်စိုင်း (အသက် ၆၅ နှစ်)မှာ မနေ့ည ၇ နာရီခွဲလောက်က အိမ်ဦးခန်းမှာ ဘုရားရှိခိုးစဉ် အမည်မသိလူတယောက် ဝင်လာပြီး သေနတ်နဲ့ ၃ ချက် ပစ်ခတ်သွားတယ်လို့  နမ့်လန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းယောင်းက ဒီဗွီဘီကို ပြောပါတယ်။

“ဦးဆန်စိုင်းက ဗိန္ဓောဆရာပေါ့။ မနေ့ညက သူ့အိမ်မှာဘဲ ဘုရားရှိခိုးနေတုန်း လူတယောက် ဝင်လာတယ်။ ဦးဆန်စိုင်း ဆိုတာ ဘယ်သူလဲလို့ မေးတယ်တဲ့၊ သူက ငါပဲလို့ လှည့်ပြီး ဖြေလိုက်တော့ သေနတ်နဲ့ ၃ ချက်လှမ်းပစ်တယ်။ ပါးစပ်ကို အဝတ်နဲ့အုပ်ထားတယ်။ သူ လဲကျသွားတော့ ချက်ချင်း ဆိုင်ကယ်နဲ့ ပြန်ထွက်သွားတယ်။ အိပ်ခန်းထဲမှာရှိတဲ့ သူ့သားက သေနတ်သံကြားလို့ ပြေးထွက်လာပြီး သေနတ်သမားနောက် လိုက်သွားမလို့လုပ်တာ သူ့အဖေက မလိုက်နဲ့ သူ့မှာ သေနတ်ပါတယ်လို့ပြောလို့ မလိုက်တော့ဘဲ ဘေးအိမ်ကလူတွေ ခေါ်ပြီး သူ့အဖေကို ဆေးရုံပို့လိုက်တယ်။”

သေနတ်ကျည်ဟာ ဘယ်ဘက်နံကြားမှာ ၁ ချက်၊ ညာဘက် နံကြားမှာ ၂ ချက် ထိသွားပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူးလို့ သိရပါတယ်။

ဦးဆန်စိုင်းဟာ ဗိန္ဓောဆေးဆရာတဦးဖြစ်ပြီး ဘုရား တရား ကြည်ညိုကာ ရိုးသားသူ ဖြစ်ကြောင်း၊ သူ့မှာ ရန်ငြိုးရန်ဘက်တွေလည်း မရှိလို့ ဘယ်သူက ဘာကြောင့်ပစ်သလဲ ဆိုတာ စဉ်းစားမရဘူးလို့ ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ နယ်မြေရဲစခန်းကို အကြောင်းကြားထားပြီး ရဲတပ်ဖွဲ့က အမှုဖွင့်ထားပါတယ်။

နမ့်လန်ကျေးရွာအုပ်စုအနီး မန်လီကျေးရွာမှာ သြဂုတ် ၃ ရက်နေ့ကလည်း ဈေးက ပြန်လာတဲ့ ခမရ ၁၇ က တပ်မတော်သား ၁ ဦး နဲ့ မိသားစုဝင် ၂ ဦးတို့ သေနတ်ပစ်ခံရပြီး ၃ ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

သြဂုတ် ၉ ရက်နေ့မှာတော့ နမ့်လန်ကို ခြံထွက်ပြောင်းစေ့တွေ လာရောင်းပြီး ပြန်သွားတဲ့ နောင်ဝိုးရွာသား ဇနီးမောင်နှံ လမ်းခုလတ်မှာ သေနတ်ပစ်ခံရပြီး နှစ်ယောက်လုံး ဒဏ်ရာရခဲ့ပါတယ်။

အဆိုပါ ပစ်ခတ်မှုတွေအားလုံး ရဲစခန်းမှာ အမှုဖွင့်ထားပေမယ့် တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

နမ့်လန်ကျေးရွာအုပ်စုနဲ့ အနီးတဝိုက်မှာ လက်နက်ကိုင်ဆောင် လှုပ်ရှားသွားလာမှုတွေ ရှိနေသလို မူးယစ်ဆေးဝါး သုံးစွဲသူတွေလည်း ရှိတဲ့အတွက် အစစ သတိနဲ့ သွားလာနေထိုင်ကြဖို့  ကျေးရွာအုပ်ချုပ်ရေးမှူးက သတိပေးပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013