DVB Logo
Home
Lead Story
တောင်သူလယ်သမား အခွင့်အရေးနဲ့ အကျိုးစီးပွား တကယ်လုပ်ဆောင်နိုင်ပါ့မလား
DVB
·
August 29, 2018
တောင်သူလယ်သမား အခွင့်အရေးနဲ့ အကျိုးစီးပွား တကယ်လုပ်ဆောင်နိုင်ပါ့မလား
Donate to DVB

ဥပဒေတွေကတော့ လိုအပ်ချက်အရ အခြေအနေ အချိန်အခါကို ကြည့်ပြီး ပြင်ဆင်နေကြတာပါပဲ။ ဒါပေမယ့် ပြင်ဆင်ချက်တိုင်းကရော အမှန်တကယ် လိုအပ်ချက်နဲ့ ကိုက်ညီပါရဲ့လားဆိုတာ စဉ်းစားစရာပါပဲ။ အချို့ပြင်ဆင်ချက်တွေက အမည်နာမ ပြောင်းရုံနဲ့ ဝန်ကြီးဌာန ပြောင်းရုံလောက်ပဲ ပြင်ဆင်တာမျိုးတွေ တွေ့မြင်နေရပါတယ်။ အချို့ကတော့ လိုအပ်ချက်နဲ့ ပြင်ဆင်ချက် ကိုက်ညီမှုမရှိတာတွေလည်း တွေ့ရတယ်။ ခုတ်ရာတခြား ရှရာတခြား ဖြစ်နေတယ်။ ဥပဒေတခုဟာ အကျိုးသက်ရောက်မှုရှိဖို့ လိုသလို ဘယ်သူ့အတွက် သက်ရောက်မှု ဖြစ်ဖို့လိုသလဲဆိုတဲ့ အချက်ကလည်း အရေးပါတဲ့ အနေအထားပါ။ လယ်သမားအခွင့်အရေး ကာကွယ်ဖို့ လယ်သမားအကျိုးစီးပွား မြှင့်တင်ဖို့ ရေးဆွဲတဲ့ ဥပဒေတခုဟာ အမှန်တကယ် လယ်သမားအကျိုးရှိအောင် ဖော်ဆောင်နိုင်ဖို့ လိုမှာပါ။

ဒီလိုနဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း မကြာမီကပဲ ထွက်ပေါ်လာခဲ့ပါတယ်။ တကယ်တော့ ဒီဥပဒေက ၂၀၁၃ ခုနှစ် ပထမအကြိမ်လွှတ်တော်မှာ စတင်ပြဋ္ဌာန်းခဲ့တာပါ။ ၂၀၁၄ ခုနှစ်ထဲမှာတော့ ပထမအကြိမ် ပြင်ဆင်ချက်ကို လွှတ်တော်ကပဲ ဆုံးဖြတ်ချက်ချ ပြင်ဆင်ခဲ့ပါတယ်။ အခု ထွက်ပေါ်လာတဲ့ ပြင်ဆင်ချက်မူကြမ်းကတော့ ဒုတိယအကြိမ် ပြင်ဆင်ချက်မူကြမ်းပါ။ ပထမအကြိမ် ပြင်ဆင်ချက်မှာတော့ မူလဥပဒေပါ အခန်း (၃)၊ ပုဒ်မ (၄) တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ရဲ့ နေရာမှာ ဒုတိယသမ္မတကို အဓိကဦးဆောင်အဖွဲ့အဖြစ် ထပ်မံပြင်ဆင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းဖို့ကိုပဲ ပြင်ဆင်ခဲ့တာပါ။

အခု ဒုတိယအကြိမ် ပြင်ဆင်ချက်မှာတော့ ပထမအကြိမ် ပြင်ဆင်ချက်ဖြစ်တဲ့ ပုဒ်မ (၄) ကိုပဲ (၄-က) အဖြစ် “ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မ (၄) အရ ဖွဲ့စည်းထားသော ဦးဆောင်အဖွဲ့ကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်” လို့ ထပ်မံတိုးချဲ့ ပြင်ဆင်တဲ့အချက် ပြင်ဆင်ထားပါတယ်။ စုစုပေါင်း အချက် ၂၀ အထိ ပြင်ဆင်ချက်ကို ထုတ်ပြန်ခဲ့တာပါ။ ပြင်ဆင်ချက် (၅၊ ၉၊ ၁၁၊ ၁၉) တို့ကတော့ ဝန်ကြီးဌာန အခေါ်ပြောင်းတာနဲ့ ကောက်ပဲသီးနှံအစား “လယ်ယာထွက်ကုန်”၊ စိုက်ပျိုး ထုတ်လုပ်သည့် သီးနှံအစား “စိုက်ပျိုးမွေးမြူထုတ်လုပ်သည့် လယ်ယာထုတ်ကုန်” နှစ်ပေါက်ဆိုတဲ့ စကားရပ်အစား "နှစ်စဉ်” ဆိုတဲ့ စကားရပ်နဲ့ ဝန်ကြီးဌာန အမည်ပြောင်းတာပါ။ ပြင်ဆင်တိုးချဲ့ပြဋ္ဌာန်းတဲ့ ပုဒ်မတွေကတော့ ပုဒ်မ (၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၁၊ ၁၆၊ ၂၀၊ ၂၇၊ ၂၉) တို့ပဲ ဖြစ်တယ်။

ဒီဥပဒေနဲ့ပတ်သက်ပြီး အချို့သောပညာရှင်တွေက “ဥပဒေပါ ရည်ရွယ်ချက်ကို လက်ခံနိုင်ပေမယ့် ဒီဥပဒေဟာ အမှန်တကယ် တောင်သူလယ်သမားတွေအတွက် အကာကွယ်ပေးနိုင်ပါ့မလား ဆိုတာကိုတော့ စဉ်းစားစရာပါ။ ဘာလို့လဲဆိုရင် တောင်သူလယ်သမားအတွက် အခြေခံအကျဆုံးက မြေယာပါ။ မြေသိမ်းခံ လယ်သမားတွေအတွက် အခုထိ အဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်သေးဘူး။ ဒါဟာ တောင်သူလယ်သမားတွေအတွက် အခြေခံအကျဆုံး အခွင့်အရေးပဲ။ ဒါကို အရင်လုပ်ဆောင်ပေးနိုင်ရင် ဒီဥပဒေအပေါ်မှာ လူထုရဲ့ ယုံကြည်မှု အထိုက်အလျောက် ရလာနိုင်သလို အကျိုးစီးပွား မြှင့်တင်ပေးရာလည်း ရောက်မှာပါ” လို့ ဝေဖန်မှုတွေကလည်း ရှိနေခဲ့ပါတယ်။

အချို့သော အသင်းအဖွဲ့တွေရဲ့ သုတေသနပြုချက်အရဆိုရင် လက်ရှိအစိုးဟာ မြေယာ သိမ်းဆည်းခံရသူတွေကို ပေးထားတဲ့ ကတိကဝတ်တွေ မကျေပွန်သေးဘူးလို့တောင် သုံးသပ်ကြပါတယ်။ ဒီလို ဝေဖန်သုံးသပ်မှုတွေ ရှိတာကြောင့် DVB Law Lab (ပိုင်းခြားစိတ်ဖြာဥပဒေရေးရာ) အစီအစဉ်မှာ “တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ပြင်ဆင်ခြင်းအပေါ် ရှုမြင်ချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေး တင်ဆက်သွားကြဖို့ ရွေးချယ်ခဲ့ကြပါတယ်။ အဓိကဆွေးနွေးသွားကြမယ့်သူတွေက တိုက်ကြီးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်နဲ့ တိုင်းရင်းသား လူထုတိုးတက်ရေး မိတ်ဖက်အဖွဲ့နဲ့ တောင်သူလယ်သမားရေးရာအဖွဲ့ တွဲဖက်တာဝန်ခံ ဦးဘစိုးတို့ပါပဲ။

အစီအစဉ်တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့ ဦးတင်ရှိန်က အချက်အလက် အများစုကိုတော့ လယ်သမားအတွက် အကျိုးရှိစေမှာပါ။ အထိုင်မကျလို့ ပြင်ရတာဆိုတော့ လက်တွေ့က အသုံးပြုပြီးမှသာ တကယ်တမ်း အကျိုးရှိ၊ မရှိ သိနိုင်မှာပါ။ ဥပဒေပြင်တာ ရေးဆွဲတာတွေဟာ စာရွက်ထဲမှာပဲ ရှိနေသေးတယ်။ ဥပဒေအကျိုးကိုလည်း လယ်သမားတွေ အခုထိ မခံစားရသေးပါဘူး။ ဒီလိုပဲ မြေလွတ် မြေလပ် မြေရိုင်းတွေကို တကယ်စိုက်ပျိုးတဲ့ လယ်သမားကို ပေးမယ်ဆိုပေမယ့် လယ်သမားက ဘယ်လို လျှောက်ထားရမယ်ဆိုတာ မသိသလို ဘယ်ကိုလျှောက်ရမှန်းလည်း မသိဘူး။ ဒီကိစ္စလည်း မအောင်ခဲ့ပါဘူး။ တဆက်တည်း စိုက်ပျိုးစရိတ် ချေးငွေကိစ္စ ပြောချင်တယ်။ ဝိုင်းကြီးချုပ် ချေးငွေစနစ်ကို ပြင်သင့်တယ်။ လယ်သမားအတွက် အဆင်မပြေဘူးဗျ။ ဒါကြောင့် လယ်သမားအကျိုးစီးပွား မြှင့်တင်ကာကွယ်ရေးမှာ လက်တွေ့ကျဖို့ လိုတယ်။ ဒီအတိုင်းဆိုရင် လယ်သမားအတွက် အကျိုးမဖြစ်ထွန်းနိုင်ဘူး” လို့ ဆွေးနွေးသွားပါတယ်။

ဦးဘစိုးကလည်း လယ်သမားကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေးဆိုတာ အလွန်ကျယ်ဝန်းပါတယ်။ ဆက်စပ်ဥပဒေတွေနဲ့လည်း ညှိနှိုင်းလုပ်ဆောင်ကြရမှာပါ။ ပြစ်မှုပြစ်ဒဏ်ကလည်း မတိုးမြှင့်သင့်သလို ဥပဒေက ကာကွယ်ပေးတာနဲ့ အကျိုးစီးပွား မြှင့်တင်တာ ဆိုပေမယ့် တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းဥပဒေနဲ့ ပတ်သက်ပြီး အကာကွယ်ပြု ပြဋ္ဌာန်းတာလည်း မပါရှိပါဘူး။ ဒါမပါဘဲနဲ့ ဘယ်လိုကာကွယ်မလဲ၊ အကျိုးစီးပွားကို ဘယ်လိုမြှင့်တင်မလဲဆိုတာ မေးစရာဖြစ်ခဲ့ပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာကတည်းက တောင်သူလယ်သမားကို မွေးမြူရေးနဲ့ တွဲဖွင့်တာကိုက မှားနေတယ်။ ဒီအတိုင်းကတော့ အကျိုးစီးပွားလည်း ကာကွယ်ဖို့ခက်ခဲသလို မြှင့်တင်ဖို့လည်း ခက်ခဲနေမှာပဲလို့ ဆွေးနွေးသွားပါတယ်။

အမှန်တကယ် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ဖို့နဲ့ အကျိုးစီးပွား မြှင့်တင်ဖို့ဆိုရင် ခရိုနီမြေရှင်ကြီးများရဲ့ နှစ်ရှည် စိုက်ပျိုးသီးနှံနဲ့ လုပ်ကွက်ငယ်လယ်သမားတို့ရဲ့ ရာသီသီးနှံကို ခွဲခြားစစ်ဆေးပြီး လုပ်ကွက်ငယ်အကျိုးစီးပွားအတွက် လွတ်လပ်စွာ စိုက်ပျိုးခွင့် ပေးသင့်ပါတယ်။ မြေသိမ်းခံတွေအတွက် အရှိန်အဟုန်မြှင့်ပြီး အမြန်စိစစ် အပ်နှံကြရပါမယ်။ မြေလွတ် မြေလပ် မြေရိုင်း ခုတ်ထွင်လုပ်ကိုင်မှုကို မြေပြင်အထိဆင်းပြီး အကျိုးဆောင်သင့်သလို စိုက်ပျိုးစရိတ်ချေးငွေကိုလည်း အစိုးရက အကျိုးလိုလားစိတ်ဖြင့် တာဝန်ယူကြီးကြပ် လုပ်ဆောင်ပေးပါမှ အမှန်တကယ် အကျိုးရှိလာနိုင်မှာ ဖြစ်တယ်လို့ လေ့လာတွေ့ရှိပါတယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013