DVB Logo
Home
မြန်မာသတင်း
ဆွာချောင်းတမံ ရေပိုလွှဲဆည်ကျိုးကျပြီး ဆွာမြို့နှင့် ကျေးရွာများ ရေကြီး  
DVB
·
August 29, 2018
ဆွာချောင်းတမံ ရေပိုလွှဲဆည်ကျိုးကျပြီး ဆွာမြို့နှင့် ကျေးရွာများ ရေကြီး  
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ဆွာချောင်းတမံ ရေပိုလွှဲဆည် အတွင်းဘက်နံရံ ပြတ်ကျမှုကြောင့် ဆွာချောင်းတလျှောက် ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။

ရေပိုလွှဲရေ တနာရီ ၂ ပေနှုန်းလောက်နဲ့ ဒလဟောစီးဆင်းနေပြီး အခု ဆွာမြို့အပါအဝင် ရေတာရှည်မြို့နယ်အတွင်းက ကျေးရွာအတော်တော်များများ ရေလျှံနေပြီလို့ ရေတာရှည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“အခုကတော့ ကားလမ်းဘေးတွေ၊ ကားလမ်းတွေ၊ ကားလမ်းမှာရှိတဲ့ ဆွာတံတားတွေ အကုန်လုံးထိကုန်ပြီ၊ အဲဒါတွေ အကုန်လုံး ရပ်ထားရပြီ။ လူတွေကလည်း အထိတ်တလန့်တွေ ဖြစ်တာပေါ့ကွယ်။ အခုကတော့ တော်တော်လေး အခြေအနေဆိုးတယ်။ ရွာတွေက တော်တော်များများ မြုပ်သွားပြီ။ အခုက ရွာအကုန်လုံးကို မြုပ်မယ့်သဘောဖြစ်နေတယ်။ ကားလမ်းကိုကျော်ပြီးတော့ စစ်တောင်းမြစ်ကမ်းဘက်ကို ရေက ကားလမ်းကို ကျော်ပြီး သွားနေပြီ။ ဆိုတော့ အဲဒီဘက်က ရွာတွေအကုန်လုံး မြုပ်သွားပြီဆိုတော့ အနည်းဆုံး သုံးလေးဆယ်လောက်က မြုပ်သွားမှာပဲ။”

ဆည်မြောင်းဌာနကတော့ ဆိုးဆိုးဝါးဝါး ရေမလွှမ်းမိုးနိုင်ဘူးလို့ ခရိုင်အင်ဂျင်နီယာရဲ့ ပြောဆိုချက်ကို ကိုးကားပြီး  ဒေါက်တာ ကျော်ကျော်က ပြောပါတယ်။

“ရေတာရှည်မြို့ပေါ်ကိုတော့ အန္တရာယ်သိပ်မရှိလောက်ဘူးပေါ့။ အဲလိုတော့ သတင်း လှမ်းပို့တယ်။ ရေလွှမ်းတာကတော့ လွှမ်းတယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါးကြီး မလွှမ်းနိုင်ဘူးပေါ့။ အဲလိုမျိုး သူက ပြောတယ်။”

အမြန်လမ်းပေါ်ကို ရောက်လာတဲ့ ရေတာရှည်ဒေသခံ မဆွေဆွေအောင်က “ကျမတို့ဘက်ကိုတော့ ရေမရောက်သေးဘူး။ ဒါပေမယ့် ရွာကလူတွေက ပြေးကုန်ကြပြီဆိုတော့ ကျမတို့လည်း အိမ်တွေကို ပိတ်ပြီး ပြေးလာတာ” လို့ ပြောပါတယ်။

ရေပိုလွှဲထိခိုက်ခဲ့တာကို အနီးကပ် စီမံခန့်ခွဲနိုင်ဖို့အတွက် ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေ သွားရောက်နေပြီလို့ ဆည်မြောင်းဦးစီးဌာနက အခုပဲ ထုတ်ပြန်ပါတယ်။

ဆွာမြို့ ဒေသခံ တယောက်က “အခုက တမြို့လုံးမှာ ရေကြီးနေတာခင်ဗျ။ တချို့နေရာက ဒူးလောက်၊ တချို့နေရာမှာ ခါးလောက်ရှိတယ်။ ချောင်းနဲ့နီးနဲ့နေရာတွေက ပိုပြီး မြုပ်တာပေါ့။ နီးစပ်ရာမြို့တွေ၊ ဘုန်းကြီးကျောင်းတွေကို ပြောင်းနေကြတယ်။ နယ်တွေဘက်က အခြေအနေတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။

ဆည်ရေစီးဆင်းလာလို့  သိုင်းဝကျေးရွာအုပ်စုအတွင်းမှ ကျွန်းတောစုကျေးရွာရှိ အိမ်ခြေ ၁၈၀ အိမ်၊ လှည်းကူးကျေးရွာရှိ အိမ်ခြေ ၁၃၀ အိမ်၊ သမားဆည် ကျေးရွာရှိ အိမ်ခြေ ၅၀ အိမ်၊ ၇ အိမ်တဲစုရှိ အိမ်ခြေ ၁၅ အိမ်တို့ကို ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး တုန်းကြီးကျေးရွာ၊ ဥယျာဉ်မှူးကျေးရွာ၊ သိုင်းဝကျေးရွာနှင့် ကွင်းကြီးကျေးရွာအုပ်စုရှိ အမတ်ကြီးခုံကျေးရွာတွေ ရေဝင်နေတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ထားပါတယ်။

ဆည်ရေလျှံမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၆၅/၄-၇) ကြားရှိ လမ်းမပေါ်သို့ ရေ ၁ ပေခန့်တက်ကာ ကားလမ်းရေကျော်မှု ဖြစ်ပွားနေပါတယ်။

အမြန်လမ်းမိုင်တိုင် (၁၆၅/၀) အနီးရှိ ဆွာချောင်းတံတားမှာ ရေတိုးဝင်မှုကြောင့် ညွှတ်ကျသွားခဲ့လို့  ယာဉ်တွေ ဖြတ်သန်းသွားလာမှုကို ယာယီပိတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013