
နိုင်ငံထဲမှာ မလိုအပ်ဘဲ အဆင့်ဆင့်လုပ်ဆောင်နေရတဲ့ ကြိုးနီစနစ်တွေရှိနေပြီး တချို့ ကိစ္စတွေကို မသိတာကြောင့် အသိပေးကြပါလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူလူထုကို မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။
မနေ့က နေပြည်တော်မှာလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြား ခဲ့တာပါ။
“ကျမတို့နိုင်ငံမှာ မလိုအပ်တဲ့ ကြိုးနီစနစ်တွေရှိတယ်။ လုပ်ရတဲ့အဆင့်တွေ သိပ်များတယ် ဆိုပြီး UMFCCI ကနေ မကြာခင်က ထွက်လာတဲ့ တင်ပြချက်ထဲမှာ ဒါလည်းပါပါတယ်။ အရင်တုံးကလို ကိစ္စတစ်ခုပြီးဖို့ အကြာကြီး စောင့်ရတာမျိုးမဟုတ်ဘဲနဲ့ မလိုအပ်တဲ့ အဆင့် တွေမှာ ပိတ်ဆို့နေမှု မဖြစ်အောင် ကျမတို့စီစဉ်နေပါတယ်။ ဘယ်နေရာမှာ အတစ်အဆို့တွေ ဖြစ်နေတယ်ဆိုတာကိုလည်း ကျမတို့ကို အသိပေးသောအားဖြင့် ကူညီပါလို့ မေတ္တာ ရပ်ခံချင်ပါ တယ်။ ကျမတို့သိမှ တချို့ကိစ္စတွေကို ပြုပြင်ပေးနိုင်မှာပါ။ တချို့ ကိစ္စတွေကလည်း မသိတာတွေ ရှိပါတယ်။ အားလုံးကို သိဖို့ ဆိုတာတော့ ခက်ပါတယ်” လို့ ပြောပါတယ်။
နိုင်ငံမှာ စီးပွားရေးတိုးတက်ဖို့ အင်မတန်မှ အရေးကြီးပြီး ကမ္ဘာ့စင်မြင့်ပေါ်မှာ နိုင်ငံရေး သြဇာ နည်းပါးတာဟာ ဓနအင်အားနည်းပါးတာနဲ့လည်း ဆက်စပ်နေတယ်လို့ ပြောပါတယ်။
တင်ဒါကိစ္စတွေမှာ နှေးကွေးနေတာတွေရှိပြီး ဒါတွေဟာလည်း အဂတိလိုက်စားမှုနဲ့ ဆက်နွှယ် နေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“မမှန်မကန်လုပ်နေတာတွေရှိရင် မကျေမနပ်ဖြစ်နေရုံနဲ့ မပြီးပါနဲ့။ ကျမတို့ကို အသိပေးပါ။ ဘယ်သူ၊ ဘယ်ဌာန၊ ဘယ်လိုလုပ်ပါတယ်ဆိုတာ တိတိကျကျ အသိပေးပါ။ ကျမတို့စောင့်ပြီး အရေးယူပါ့မယ်။ ဒီလိုအရေးယူလိုက်ပြီဆိုရင် တဖြည်းဖြည်း ပျောက်သွားမှာပါ။ ကျမကတော့ မြန်မြန် ပျောက်သွား စေချင်ပါတယ်။ တင်ဒါလုပ်ငန်းကို ပြောရတာက ကျမတို့ နိုင်ငံရဲ့ စီးပွားရေး မြန်မြန်ဆန်ဆန် ပြီးမြောက်ရေးမှာ တင်ဒါတွေနှေးကွေးခြင်းနဲ့ တင်ဒါတွေနဲ့ ပတ်သက်လို့ မမှန်မကန် လုပ်နေတာတွေ ရှိတယ်ဆိုတာ တိုင်ကြားတာတွေ များလွန်းတော့ ဒါဟာလည်း အဂတိလိုက်စားမှုနဲ့ ဆက်နွှယ်နေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးတိုးတက်ဖို့အတွက် အကြီးဆုံးအဟန့်အတားဟာ ဌာနတွေ အကြား၊ တိုင်း၊ ပြည်နယ်အစိုးရနဲ့ ဗဟိုအကြား၊ တိုင်းနဲ့ပြည်နယ်အစိုးရ အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းလို့ ဖြစ်တယ်လို့ လည်းဆိုပါတယ်။
လက်ရှိအစိုးရတာဝန်ယူပြီးတာနဲ့ နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီကိုဖွဲ့ခဲ့ပြီး ထင်သလောက် မြန်မြန်ဆန်ဆန် တိုးတက်မှု မရှိပေမယ့် မကြာမီ ကာလကစပြီး အရှိန်အဟုန်မြှင့်ပြီး အလုပ်ဖြစ်လာတာကို သတိပြုမိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။











