DVB Logo
Home
မြန်မာသတင်း
စာသင်ကျောင်းကို မိုင်းထောင်ကာ မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်သူကို အမှုဖွင့်
DVB
·
August 28, 2018
စာသင်ကျောင်းကို မိုင်းထောင်ကာ မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်သူကို အမှုဖွင့်
Donate to DVB

မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်ရှိ အ.မ.က (၂) မူလတန်းလွန်ကျောင်းမှာ စာသင်ကျောင်းကို မိုင်းထောင်မီးရှို့ဖျက်ဆီးမယ်ဆိုပြီး စာသင်ခန်း ၀ှိုက်ဘုတ်ပေါ်မှာ စာနဲ့ရေးပြီး ခြိမ်းခြောက်မှုတခု သြဂုတ် ၂၇ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိမှာ တရားခံကို သက်ဆိုင်ရာ ရဲအရာရှိတွေက အမှုဖွင့်ကာ စုံစမ်းစစ်ဆေးနေကြောင်း မော်လမြိုင်မြို့မရဲစခန်းက  သိရပါတယ်။

အဲ့ဒီခြိမ်းခြောက်သူဟာ စတုတ္ထတန်းဗီဒိုရှိ စတုတ္ထတန်းဆရာမတဦးရဲ့ ငွေကျပ် ၅ သိန်းကိုလည်း ဖောက်ထွင်းယူဆောင်သွားတဲ့အပြင် ၀ှိုက်ဘုတ်မှာလည်း “ငါတို့ မိုင်းဆင်ထား တယ် ၁၁ နာရီ ၁၅ မိနစ်မှာ သေမယ်။ ဒီကျောင်းမပိတ်ရင် သေကုန်မယ်၊ငါက လစ်ရင်လစ်သလို သတ်မှာ၊ ကျောင်းအုပ်ကိုပြောလိုက် ပိုက်ဆံမရှိလို့ ဒီလိုလုပ်တာ နောက်တခါပိုက်ဆံထည့်ထား မထည့်ထားရင်သေမယ်” စတဲ့ ခြိမ်းခြောက်ရေးသားခဲ့တဲ့အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် တွေက မိုင်းရှင်းလင်းခဲ့တယ်လို့ မော်လမြိုင်မြို့မ ရဲစခန်းမှ သိရပါတယ်။

မော်လမြိုင်မြို့မစခန်းမှူး ဒုရဲမှူး သန့်ဇင်က “အခု အမှုဖွင့်ထားပါတယ်။ပုဒ်မ ၇၄၁ နဲ့ အမှုဖွင့်ထားပါတယ်။ ပုဒ်မက ၃၈၀ ပါ။ ကျောင်းမှာက အဲ့ဒီတခန်းက ရေမြုပ်နေတဲ့အတွက် ကျောင်းတက်နေတဲ့ ကျောင်းသားတွေတော့ မရှိဘူး။ကျန်တဲ့အခန်းတွေတော့ ပုံမှန်ကျောင်းတက် နေပါတယ်။ သူရေးထားတာတွေတွေ့လို့ အထက်လူကြီးတွေအကုန်ရောက်လာပြီး ကျနော်တို့ မိုင်းတွေရှာပေးလိုက်တယ်။ အဲ့ဒီအခန်းက ရေ၀င်နေတော့ စာသင်လို့မရဘူး။ ကလေးတွေရဲ့ မိဘတွေကတော့ စိတ်ပူပြီးတော့ လာပြန်ခေါ်သွားကြတယ်။ အခုက စစ်ဆေးတုန်းပဲရှိသေး တယ်။ တိုင်ချက်ဖွင့်ထားတဲ့ဆရာမကို စစ်ဆေးနေတယ်။ ကျနော်တို့လက်ထက်မှာတော့ ဒီလိုခြိမ်းခြောက်တာကတော့ ပထမဦးဆုံးအကြိမ်ပါပဲ။”လို့ ပြောပါတယ်။

အဲ့ဒီကျောင်းက အမက မူလွန်ကျောင်းဖြစ်ပြီး ဆဌမတန်းအထိ ဖွင့်လှစ်ထားကြောင်း၊ ကျောင်းသူကျောင်းသားတွေအနေနဲ့ မိုင်းအန္တရာယ်ရှင်းလင်းပြီးဖြစ်လို့ စိုးရိမ်စရာမရှိဘဲ ကျောင်းဆက်လက်တက်ရောက်နိုင်တယ်လို့ စခန်းမှူးက ပြောပါတယ်။

လက်ရှိမှာ တရားခံကို ခိုးမှုပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ထားပြီး အဲ့ဒီပုဒ်မမှာ လူနေထိုင်ဖို့ဖြစ်စေ၊ ပစ္စည်းသိုလှောင်ဖို့ဖြစ်စေ၊ အဆောက်အအုံ(သို့မဟုတ်) တဲ (သို့မဟုတ်) ရေယာဉ်တခုခု အတွင်းမှာ မည်သူမဆိုခိုးယူမှုကျူးလွန်မယ်ဆိုရင် အဲ့ဒီလူကို ခုနစ်နှစ်တိတိ ထောင်ဒဏ် တမျိုးမျိုးချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ဖော်ပြပါရှိပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013