DVB Logo
Home
မြန်မာသတင်း
သံလွင်တံတားတွင် တားဆီးခံရ၍ လမ်းလျှောက်ပြန်ခဲ့ရသည့် ရခိုင်တစု တောင်ကြီးရောက်ရှိ
DVB
·
August 28, 2018
သံလွင်တံတားတွင် တားဆီးခံရ၍ လမ်းလျှောက်ပြန်ခဲ့ရသည့် ရခိုင်တစု တောင်ကြီးရောက်ရှိ
Donate to DVB

မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်ကနေ အရှေ့ပိုင်း ရှမ်းပြည်နယ်ကို ခရီးသွားတဲ့ ရခိုင်တိုင်းရင်းသားတစုဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်က ကွန်ဟိန်းမြို့နယ် သံလွင်မြစ်ကူး တာကော်တံတားနားမှာ စစ်ဆေးရေးဂိတ်က သွားခွင့်မပြုလို့ ခြေကျင်လျှောက်ပြီး လာလမ်းအတိုင်း လှည့်ပြန်ခဲ့ကြပါတယ်။

သူတို့တတွေဟာ ၄ မိုင်ကျော် ခြေကျင်လျှောက်ခဲ့ပြီးနောက် ဖန်လန်းရွာရှိ ရခိုင် ကားသမား တဦးကကားပေါ်ခေါ်တင်ပြီး နမ့်စန်ကိုပို့ပေးခဲ့ကာ နမ့်စန်လူမှု ကူညီရေး အဖွဲ့က ဆက်လက် ပို့ဆောင်ပေးလို့  လောလောဆယ် တောင်ကြီးရောက်နေပြီလို့ တောင်ကြီး တရားဥပဒေစိုးမိုးရေး ကွန်ရက်အဖွဲ့မှ ဦးဝင်းနိုင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့က သံလွင်တံတားကနေ ၄ မိုင်ခွဲလောက်လမ်းလျှောက်ပြီးတော့ အဲဒီကနေ ရခိုင် အမျိုးသားတယောက်က နမ့်စန်ကိုပို့ပေးတယ်။ နမ့်စန်ကနေ လူမှုကူညီရေးအဖွဲ့က ကျနော်တို့ ဆီကို ဆက်ပို့ပေးတယ်ခင်ဗျ။ တောင်ကြီးမှာ ကျနော်တို့အဖွဲ့နဲ့ ရခိုင်အဖွဲ့ပေါင်းပြီး ရခိုင်ဘုန်းကြီး ကျောင်းမှာ စောင့်ရှောက်ထားပေးတယ်။ စုစုပေါင်း ၂၉ ယောက်၊ အမျိုးသား ၂၁ ယောက်နဲ့ အမျိုးသမီး ၈ ယောက်ပါ၊ ကျနော်တို့ဆီရောက်လာတာ ဒီနေ့နဲ့ဆို ၂ ရက်ရှိပြီ။”

သံလွင်တံတားဖြတ်သန်းခွင့်မရတဲ့ ရခိုင်လူမျိုး စုစုပေါင်း ၅၁ ဦးရှိပြီး ကျန်တဲ့လူတွေလည်း သွားရောက်ကြိုဆိုဖို့ ရခိုင်ပရဟိတအသင်းက ဆောင်ရွက်နေကြောင်း၊ သူတို့ကို စရဖ (စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့)ရဲ့ ညွှန်ကြားချက်နဲ့ ခရီးသွားခွင့် ကန့်သတ်ထားတယ်လို့သာ သိရပြီး အကြောင်းရင်း အတိကျ မသိရဘူးလို့ ဆိုပါတယ်။

လောလောဆယ် သူတို့ဆီရောက်နေတဲ့ ရခိုင် ၂၉ ဦးမှာ သူတို့မှတ်ပုံတင်တွေ သံလွင် ဂိတ်မှာ ထားခဲ့တဲ့အတွက် မှတ်ပုံတင်တွေ ပြန်တောင်းပေးဖို့နဲ့ ရှေ့ဆက်ဆောင်ရွက်ရမယ့် ကိစ္စတွေကို ရခိုင်အဖွဲ့အစည်းနဲ့ တိုင်ပင်နေဆဲပဲလို့ ဦးဝင်းနိုင်စိုးက ပြောပါတယ်။

သံလွင်တံတားကနေ လမ်းလျှောက်ပြန်ခဲ့ရသူထဲက တဦးဖြစ်တဲ့ ပေါက်တောမြို့ ကျင်ခွေ မော်ရွာသား ကိုမောင်မောင်သန်းကတော့ ဒီကိစ္စမှာ ခွဲခြားဆက်ဆံခံရတယ်လို့ ခံစားရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဆီမှာ တရားဥပဒေနဲ့ ငြိတဲ့ ပစ္စည်းလည်း ဘာမှမပါဘူး။ ကျနော်တို့ဟာ ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာ၊ မြန်မာနိုင်ငံမှတ်ပုံတင်ကိုင်ဆောင်တဲ့  မြန်မာနိုင်ငံသားဖြစ်ပါလျက်နဲ့ မြန်မာနိုင်ငံထဲ ခရီးသွားလာလို့ မရဘူး။ အဲဒီတံတားမှာ တခြားတိုင်းရင်းသားလူမျိုးတွေလည်း ပါတယ်။ သူတို့ကိုတော့ သွားခွင့်ပြုတယ်။ ကျနော်တို့  ၁၁ မျဉ်းစောင်းပါ ရခိုင်မှတ်ပုံတင်ကိုင်တဲ့ လူတွေ မသွားရဘူးဆိုတော့ ခွဲခြားခံရတာပေါ့။ မတရားဘူး။ ကျနော်တို့ဟာ လိုင်စင်မရှိတဲ့ ဆိုင်ကယ်လို၊ တရားမ၀င်လူတွေလို ဖြစ်နေတယ်။ အဲဒါကို အားလုံး သိရှိသွားအောင် ရန်ကုန်ရောက်ရင် သတင်းစာရှင်းပွဲ လုပ်ချင်ပါတယ်။”

သံလွင်တံတား ဖြတ်ခွင့်ပိတ်ပင်ခံရသူတွေမှာ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်က လူတွေဖြစ်ပြီး တဖွဲ့နဲ့ တဖွဲ့ မသိကြကြောင်း၊ သူတို့အဖွဲ့မှာတော့ လူ ၂၉ ဦးပါပြီး တောင်ကြီးကနေ လိုင်းကားစီးခဲ့တယ်လို့ ဆိုပါတယ်။

ကျန်တဲ့ရခိုင်တွေနဲ့ကတော့ သံလွင်တံတားကျမှ သိရကြောင်း၊ ကျန်သူတွေ ဘယ်မြို့ သွားမလဲဆိုတာတော့ မသိရဘဲ သူတို့ကတော့ ရခိုင်ပြည်မှာ အလုပ်အကိုင် ရှားပါးပြီး လုပ်အားခအလွန်နည်းလို့ သူငယ်ချင်းရဲ့ အဆက်အသွယ်နဲ့ ကျိုင်းတုံမြို့နယ်ရှိ ငှက်ပျောခြံမှာ အလုပ်သွားလုပ်ဖို့ ဖြစ်တယ်လို့ ကိုမောင်မောင်သန်းက ပြောပါတယ်။

ခရီးသွားလာခွင့် ပိတ်ပင်တာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ကွန်ဟိန်းမြို့နယ်ရဲစခန်း၊  ရှမ်းပြည်နယ် ရဲတပ်ဖွဲ့တွေ မေးမြန်းခဲ့ပေမယ့် တာဝန်ယူဖြေကြားပေးသူ မရှိပါဘူး။

Photo : Win Naing Soe

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013