DVB Logo
Home
မြန်မာသတင်း
တောင်ကြီးတွင် ကျင်းပမည့် ရှမ်းပြည်ညီညွတ်ရေး အစည်းအဝေး ခွင့်ပြုချက်မရ
DVB
·
August 28, 2018
တောင်ကြီးတွင် ကျင်းပမည့် ရှမ်းပြည်ညီညွတ်ရေး အစည်းအဝေး ခွင့်ပြုချက်မရ
Donate to DVB

ရှမ်းပါတီ၊ လက်နက်ကိုင်နဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေပါဝင်တဲ့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) ရဲ့ ၆ လပတ် အစည်းအဝေးကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ လာမယ့် စက်တင်ဘာလဆန်းမှာ ကျင်းပဖို့ ပြင်ဆင်ထားပေမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့  ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ခွင့်မပြုဘူးလို့ သိရပါတယ်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အစည်းအဝေးတွေကို အရင်က ရန်ကုန်၊ တောင်ကြီး၊ နေပြည်တော်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွေမှာ ကျင်းပခဲ့ဖူးပါတယ်။

ဒီတခေါက်တော့ စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်အတွင်း ပြည်တွင်းမှာ ကျင်းပဖို့ အလှည့်ကျသဘာပတိ ဦးစိုင်းအိုက်ပေါဝ်း (ကျားဖြူပါတီ ဥက္ကဋ္ဌ) က NRPC ရုံးက ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးခင်ဇော်ဦးထံ ပြောထားပြီးမှ ခွင့်မပြုတဲ့ အကြောင်း ဒီကနေ့ မွန်းလွဲပိုင်း ဖုန်းဆက်လာတယ်လို့ CSSU အတွင်းရေးမှူး စိုင်းဘိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။

“CSSU အစည်းအဝေး လုပ်ခွင့်မပြုတဲ့အကြောင်း NRPC ရုံးက ခုနကပဲ သဘာပတိ ဦးစိုင်းအိုက်ပေါင်းဆီ ဖုန်းဆက်လာပါတယ်ခင်ဗျ။ ဘာကြောင့် ခွင့်မပြုလဲဆိုတာကိုတော့ စာနဲ့ ထပ်ပြီး အကြောင်းကြားမယ်လို့ ပြောပါတယ်။ အစည်းအဝေးကို ပြည်တွင်းမှာလုပ်ချင်ကြောင်း ဦးစိုင်းအိုက်ပေါင်းက ပြီးခဲ့တဲ့လက ဦးခင်ဇော်ဦးကို ပြောခဲ့တယ်။ ဦးခင်ဇော်ဦးကလည်း လိုအပ်တာ ကူညီပေးမယ်လို့ နှုတ်နဲ့ ပြောခဲ့တယ်။ ဒါပေမယ့် ဒီနေ့ကျတော့ ခွင့်မပြုကြောင်း ဖုန်းဆက်လာတော့ ဘယ်လို နားလည်ရမှန်း မသိတော့ဘူးခင်ဗျ။ အကြောင်းရင်းလည်း မသိရသေးဘူး။”

CSSU အဖွဲ့ အစည်းအဝေးကို ပြီးခဲ့တဲ့ ဇူလိုင်လက နေပြည်တော်မှာ ကျင်းပရာ ရှမ်းတိုင်းရင်းသားတွေအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်မယ့်အကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ လမ်းညွှန်ချက်ထဲပါတဲ့ ခေါင်းစဉ်တွေအတိုင်း ရှမ်းအဖွဲ့အစည်းတွေအကြား ဆက်လက်ဆွေးနွေးဖို့၊ ရှမ်းတိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ရှမ်းပြည်တွင်းနေထိုင်တဲ့ တိုင်းရင်းသားများနဲ့ ညီညွတ်ရေး၊ ရှမ်းပြည်သူတို့ သဘောထား၊ နိုင်ငံရေးလိုလားချက်တွေကို ဆက်လက်ဆွေးနွေးသွားမယ်လို့ ဦးစိုင်းဘိုးအောင်က ပြောပါတယ်။

“အစည်းအဝေး လုပ်ခွင့်မရှိရင် ရှမ်းအဖွဲ့အစည်းတွေကြား တူညီတဲ့ သဘောထား ညှိနှိုင်းဖို့ အခက်အခဲရှိတဲ့အတွက် အစည်းအဝေး လုပ်ခွင့်ရဖို့ကိုတော့ ဆက်လက်ဆောင်ရွက်ရမယ်။”

၂၀၁၄ ခုနှစ်က ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ထဲမှာ   ရှမ်းနိုင်ငံရေးပါတီတွေ၊ အန်စီအေ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် RCSS၊ အန်စီအေ လက်မှတ်မထိုးရသေးတဲ့  SSPP ရှမ်းပြည်တပ်မတော်တွေရော၊ ရှမ်းလူထုအခြေပြု အဖွဲ့အစည်းတွေပါ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013