DVB Logo
Home
မြန်မာသတင်း
အခွန်နှင့်ဘဏ်တိုးနှုန်း လျှော့ချရေး စဉ်းစားပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
August 27, 2018
အခွန်နှင့်ဘဏ်တိုးနှုန်း လျှော့ချရေး စဉ်းစားပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

အခွန်နှုန်းထားတွေနဲ့ ဘဏ်တိုးနှုန်းတွေ လျှော့ချဖို့အတွက် စဉ်းစားပေးသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ လုပ်ငန်းရှင်တွေက အိမ်ခြံမြေအပေါ်မှာ ကောက်ခံနေတဲ့ အခွန်တွေကို လျှော့ချပေးဖို့နဲ့ ဘဏ်တိုးနှုန်းတွေ လျှော့ချပေးဖို့ တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တထိုင်တည်း ဆုံးဖြတ်လို့မရတာကြောင့် အချိန်ပေးဖို့ ပြန်လည် ဖြေကြားခဲ့တဲ့အပြင် ဖြစ်သင့်ဖြစ်ထိုက်တဲ့နှုန်းထားကို ပြင်ဆင်သတ်မှတ်ပေးမယ်လို့ ဆိုပါတယ်။

“မလိုအပ်ဘဲနဲ့ ကျမတို့ အခွန်တွေမကောက်ချင်ပါဘူး။ အခွန်မြှင့်ပြီး ကောက်ခြင်းအားဖြင့် အရှုံးကလည်း ရှိနိုင်တယ်။ အရှုံးနဲ့ အမြတ်ကို ကျမတို့ အမြဲပဲ ချင့်ချိန်ရပါတယ်။ အခွန် လျှော့ခြင်းအားဖြင့် လျော့သွားတဲ့ တဖက်ကနေ အခွန်လျှော့ပေးလိုက်တဲ့ စီးပွားရေးအရ ဖွံ့ဖြိုး တိုးတက်လာလို့ ပိုပြီး အပေါင်းလက္ခဏာ ပိုများလာမလားလို့ အနုတ်နဲ့ အပေါင်းကို ကျမတို့ တချိန်လုံး ချိန်ဆနေရတာပါ။ ဘယ်နိုင်ငံမှာမှ အခွန်တွေက အသေ သတ်မှတ်ထားတာ မဟုတ်ပါဘူး။ အချိန်ကာလအတိုင်းအတာနဲ့ လိုအပ်ရင် လိုအပ်သလို ပြောင်းလဲရတာ ဖြစ်ပါတယ်။ ကျမတို့ အနေနဲ့လည်း ဒါကို ခေါင်းထဲမှာထားပါမယ်။ အထူးသဖြင့် အကယ်၍ နိုင်ငံတော်က ရှုံးခဲ့ရင် အားလုံး ပြန်ဆပ်မယ်ဆိုတော့လည်း ကျမတို့ ဒါကို လျှော့လျှော့ပေါ့ပေါ့ စဉ်းစားပေးဖို့ ကြိုးစားပါမယ်” လို့ ပြောပါတယ်။

ဖွံ့ဖြိုးတိုးတက်တဲ့ ရေရှည်ခိုင်မာဖို့ နိုင်ငံတခုဆိုရင် အခွန်အကောက်တွေဟာ နိုင်ငံ အသုံးစရိတ်အတွက် လုံလုံလောက်လောက်ရှိဖို့လိုပြီး အဲဒီအတွက်လည်း စီးပွားရေး လုပ်ငန်းရှင်တွေအားလုံး ဝိုင်းပြီး ကူညီပေးဖို့လည်း လိုတယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ ဝင်ငွေရလမ်း မပြနိုင်ရင် အိမ်ခြံမြေကွန်ဒိုတွေအပေါ်ကို အခွန်နှုန်းထား ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံနေတာပါ။

လတ်တလော ကုန်ဈေးနှုန်းတက်နေတာတွေနဲ့ ဒေါ်လာဈေးတက်နေတာတွေအပေါ် နိုင်ငံတော် အပိုင်းကဖြေရှင်းပေးတာတွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။ ပြီးတော့ နိုင်ငံအတွက် သုံးဖို့လိုတဲ့ ငွေကို သယံဇာတတွေရောင်းပြီး ရှာတာမျိုးကိုလည်း မလုပ်ချင်ဘူးလို့ သူက ဆိုပါတယ်။

“ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတောင်မှ၊ နှစ်ကို ရာနဲ့ချီပြီး အခွန်ပေးနေတဲ့ ယဉ်ကျေးမှုတခု စွဲစွဲမြဲမြဲ ရှိနေပြီးသား နိုင်ငံမှာတောင်မှ အခွန်ကတော့ မပေးချင်ကြဘူး။ ဘာလို့လဲဆိုတော့ ကိုယ်က ပင်ပင်ပန်းပန်းနဲ့ လုပ်ပြီးရထားတဲ့ ငွေလေးကို ဘာကိစ္စ အစိုးရက ထစ်ခနဲ ဖြတ်လိုက်ရမှာလဲဆိုတဲ့ စိတ်ကလေးကတော့ ရှိတာပေါ့။ အစိုးရကလည်း ယူချင်လွန်းလို့ ယူတာ မဟုတ်ပါဘူး။ လိုလို့ပါလို့။ ကျမ အဲဒီလိုပဲ ရှင်းပြပါရစေ။ ကျမတို့ အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ပါမယ်။ ပေးတဲ့သူတွေအတွက်လည်း မျှမျှတတ ဖြစ်အောင်လို့၊ အစိုးရအတွက်လည်း မျှမျှတတ ဖြစ်အောင်လို့။ အစိုးရအတွက်ဆိုတာက အစိုးရဟာ နိုင်ငံအတွက်သုံးဖို့ ငွေလိုလို့ပါ။ အခွန်အကောက်တွေ မရှိဘဲနဲ့ ကျမတို့နိုင်ငံရဲ့ သယံဇာတ ပစ္စည်းတွေကို ရောင်းချပြီး ငွေရှာတဲ့ ကိစ္စမျိုး ကျမတို့ မလုပ်ချင်ပါဘူး” လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံတာဟာ လက်ရှိ အစိုးရလက်ထက်မှာ ၂ ကြိမ်ရှိပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013