DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများ ယာဉ်နှင့်လမ်းစည်းကမ်း အသိပညာပေး
DVB
·
August 27, 2018
ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများ ယာဉ်နှင့်လမ်းစည်းကမ်း အသိပညာပေး
1 / 2
Donate to DVB

ရန်ကုန်ပညာရေးတက္ကသိုလ်က ကျောင်းသားတွေ စုပေါင်းကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လှုပ်ရှားမှုတခုကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့ လူသွားလူလာများပြီး အခြေခံပညာစာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ ဈေးဝယ်စင်တာတွေ ဆုံစည်းရာ စိုက်ပျိုးရေး ကားမှတ်တိုင်အနီးမှာ ယာဉ်မတော်တဆမှုတွေ ဖြစ်ပေါ်လေ့ရှိတဲ့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလှုပ်ရှားမှုကို လုပ်ဆောင်တာလို့ ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂက ပြောပါတယ်။

အခုလို အသိပညာပေးလှုပ်ရှားမှုကိုတော့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂနဲ့ ကမာရွတ်နယ်မြေ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့တာပါ။

ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုစိုးသူရကျော်က “ကျနော်တို့ကျောင်းနားက စိုက်ပျိုးရေးမှာ ကားလမ်းကူးတဲ့နေရာမှာ တော်တော်များများက လူကူးမျဉ်းကျားက မကူးတော့ဘူး။ ကားရပ်တဲ့နေရာကနေ ဆင်းပြီးတော့ ဒီဘက်ခြမ်းကို တောက်လျှောက်ကူးလာကြတယ်။ ယာဉ်အန္တရာယ်က အရမ်းများလာတယ်။ ကူးတဲ့သူကိုယ်တိုင်ကလည်း လူကူးမျဉ်းကျားက မကူးဘူး။ ပြီးတော့ လူကူးမျဉ်းကြားက ကူးနေတဲ့အချိန်မှာ မရပ်ပေးတော့ အန္တရာယ်က များလာတဲ့အတွက်ကြောင့် ဒီကမ်ပိန်းကို ကျနော်တို့ စလုပ်ခဲ့တာပါ” လို့ ပြောပါတယ်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးအနေနဲ့ လက်ကမ်းစာစောင် မျှဝေပေးတာတွေ၊ လူကူးမျဉ်းကြားကနေဆင့် လမ်းကူးဖို့အတွက် အသိပညာပေးတာတွေ၊ ပြည်သူတွေအနေနဲ့ လမ်းကူးရာမှာ လုံခြုံမှု ရှိ မရှိ စစ်တမ်းတွေကိုပါ ကောက်ယူခဲ့တာပါ။

ယာဉ်မောင်းတွေအနေနဲ့ စည်းကမ်းမလိုက်နာဘဲ လူကူးမျဉ်းကြားအပေါ်မှာ ယာဉ်ရပ်နားတာတွေ ရှိနေတာကြောင့် လမ်းကူးသူတွေ အခက်တွေ့နေတဲ့ အနေအထားမှာ ရှိနေပါတယ်။

ဒါကြောင့် စည်းကမ်းမလိုက်နာတဲ့ ယာဉ်တွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုတယ်လို့ ဆိုပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား မောင်လရောင်စိုးက “လူကူးမျဉ်းကျားက ကူးချင်ပေမယ့် စည်းကမ်းပေါ့၊ လူကူးမျဉ်းကျားမှာ လူကူးတာ မြင်ရင် ၅ မီတာအကွာကနေ ကားကို ရပ်ပေးရမယ်လို့ သိရတယ်။ တချို့က မလိုက်နာဘူး။ အဲဒီတော့ လွယ်တဲ့နေရာက အမြန်ကူးလိုက်တာတွေ ရှိတယ်။ လူကူးမျဉ်းကျားမှာ လူကူးတာ မြင်ရင် ကားတွေက ရပ်ပေးရင် လူကူးမျဉ်းကျားက ကူးဖြစ်မယ်ပေါ့။ ကျောင်းသူ ကျောင်းသားပဲ ဖြစ်ဖြစ်၊ ဘယ်သူမဆို လူကူးမျဉ်းကျားက ကူးရင် ရပ်ပေးသင့်တယ်။ စည်းကမ်း မလိုက်နာတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူပေးရင်တော့ အဆင်ပြေသွားမယ်ထင်တယ်” လို့ ပြောပါတယ်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လှုပ်ရှားမှုကို သြဂုတ် ၂၇ ရက်နေ့မှ စတင်ကာ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဲဒီလှုပ်ရှားမှုကိုတော့  မနက်ပိုင်း ကျောင်းတက်ချိန်နဲ့ ညနေပိုင်း ကျောင်းဆင်းချိန်တွေမှာ လုပ်ဆောင်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013