မြင့်မြတ်နှင့် ရွှေမှုန်ရတီတို့ ခေါင်းဆောင်ပါဝင်သည့် ဟီးဟီးဟားဟား ဟာသရုပ်ရှင်(နမူနာ)
DVB
·
August 27, 2018

နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ မြင့်မြတ်နဲ့ ရွှေမှုန်ရတီတို့ ခေါင်းဆောင်ပါ ၀င်ထားကြတဲ့ ဟီးဟီးဟားဟား အမည်ရတဲ့ မြန်မာဟာသရုပ်ရှင်ကားကို မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကိုတော့ အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ရာဇ၀င်ကိုရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။
မြင့်မြတ်ကို ဒီရုပ်ရှင်ထားထဲမှာတော့ ရွာထဲမှာ ငွေတိုးချေးစားတဲ့သူတယောက်အဖြစ် တွေ့မြင်ရမှာဖြစ်ပြီး ရွှေမှုန်ရတီကိုတော့ ဓားပြဗိုလ်မလေး ဘင်လာခင်အဖြစ် ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာ တက္ကသိုလ်ဂွမ်းပုံ၊ ညောင်ညောင်၊ ငှက်ပျောကြော် စတဲ့ တခြားဟာသ သရုပ်ဆောင်တွေလည်း အများကြီးပါဝင်ထားကြပြီး ဟီးဟီးဟားဟား ဆိုတဲ့အတိုင်း ကျေးလက်သဘာဝ ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘယ်လိုဖန်တီးပုံဖော်ထားမလဲ ဆိုတာကိုတော့ မကြာခင် ကြည့်ရှုရတော့မှာပါ။
ဒီရုပ်ရှင်ကား နမူနာဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ် ရေ ၄ သန်းခွဲကျော်နေခဲ့ပြီ ဖြစ်ပါတယ်။
ခုတလောမှာတော့ မြင့်မြတ် ပါဝင်တဲ့ ရုပ်ရှင်ကားတွေဟာ ခပ်စိပ်စိပ်ထွက်နေပြီး ရွှေမှုန်ရတီကလည်း ပရိသတ်အခိုင်အမာရှိတဲ့ သရုပ်ဆောင်ဖြစ်တာမို့ ဒီကားထဲမှာ သူတို့ ၂ ယောက် ဘယ်လို အချိတ်အဆက်မိမိ သရုပ်ဆောင်ထားမလဲဆိုတာကိုတော့ ပရိသတ်တွေက လာမယ့် သြဂုတ်လ ၃၁ ရက်နေ့ ရုံတင်တဲ့အချိန်မှာ ကြည့်ရှုအားပေးနိုင်မှာ ဖြစ်ပါတယ်။