DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တွင် ကျရောက်နေသည့် သီးနှံဖျက်ပိုး ပြည်တွင်းမျိုးစိတ်ဟု စိုက်ပျိုးရေးဦးစီးဌာန ပြော
DVB
·
August 27, 2018
ရှမ်းပြည်တွင် ကျရောက်နေသည့် သီးနှံဖျက်ပိုး ပြည်တွင်းမျိုးစိတ်ဟု စိုက်ပျိုးရေးဦးစီးဌာန ပြော
Donate to DVB

ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းက ပြောင်းခင်းတွေမှာ ဆိုးဆိုးရွားရွားကျနေတဲ့ ငမြှောင်တောင်ပိုးဟာ ပြည်ပက အသစ်ရောက်လာတဲ့ မျိုးစိတ်မဟုတ်ဘဲ ပြည်တွင်းမှာရှိပြီးသား မျိုးစိတ်တွေပဲ ဖြစ်တယ်လို့ စိုက်ပျိုးရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ရှမ်ပြည်နယ် တောင်ပိုင်း နမ့်စန်၊ မြောက်ပိုင်းက ကျောက်မဲ၊ သီပေါ၊ သိန္နီနဲ့ လားရှိုးမြို့တွေမှာ ကျရောက်နေတာလို့ သီးနှံကာကွယ်ရေးဌာနခွဲက ဆိုပါတယ်။

ဒေသခံတွေကတော့ ဒီပိုးတွေဟာ လွန်ခဲ့တဲ့ တပတ်ကျော်ကစလို့ ကျနေတာဖြစ်ပြီး အခုထိ မနှိမ်နင်းနိုင်သေးဘူးလို့ ပြောပါတယ်။

ကျောက်မဲမြို့နယ် လွှတ်တော်အမတ် စိုင်းထွန်းဝင်းက “တော်တော်များနေပါပြီ။ ရွာတွေမှာ ကြိုးကြားကြိုးကြားကျနေတာပေါ့။ ဧက ဘယ်လောက်ဆိုတာတော့ အတိအကျပြောဖို့ မတတ်ပါဘူး။ ဖြစ်တဲ့နေရာတွေနဲ့ စိုက်ပျိုးရေးဌာနနဲ့ကို ချိတ်ဆက်ပေးထားပါတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာတော့ ရွာ ၁၀ ရွာကျော်မှာ ဒေသရဲ့ အဓိက စိုက်ပျိုးသီးနှံဖြစ်တဲ့ ပြောင်းခင်းဧက ၅၀၀ ကျော် ပိုးကျနေတယ်လို့ မြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးနေဇော်နိုင်က ပြောပါတယ်။

စပါး၊ ဝါနဲ့ ဟင်းသီးဟင်းရွက်တွေအပါအဝင် သီးနှံအမျိုးပေါင်း ၈၀ လောက်ကို ဖျက်ဆီးနိုင်တဲ့ ငမြှောင်တောင်ပိုး (Fall Armywarm) ကို အိန္ဒိယနိုင်ငံမှာ ပထမဆုံးတွေ့ရပြီး လျင်လျင်မြန်မြန် ပျံ့နှံ့နိုင်လို့ မြန်မာနိုင်ငံကိုလည်း ဝင်ရောက်လာနိုင်တယ်လို့ စိုက်ပျိုးရေး ဦးစီးဌာနက သြဂုတ် ၂၀ ရက်မှာ သတိပေးထားခဲ့တာပါ။

ဒီပိုးဟာ တညအတွင်းမှာ ကီလိုမီတာ ၁၀၀ (မိုင် ၆၀ ကျော်) အထိ ပျံသန်းနိုင်ပြီး သီးနှံအထွက်နှုန်းကို သိသိသာသာထိခိုင်စေနိုင်တာကြောင့် ရိက္ခာဖူလုံမှုကို သက်ရောက်နိုင်တဲ့ ဖျက်ပိုးဖြစ်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က သတိပေးထားပါတယ်။

အခုတွေ့နေတာကတော့ မြန်မာနိုင်ငံထဲမှာ ရှိပြီးသား ငမြှောင်တောင်ပိုးမျိုးစိတ် (Armywarm) ပဲဖြစ်တယ်လို့ စိုက်ပျိုးရေးဌာနက မနေ့က ထုတ်ပြန်လိုက်တာပါ။

ရာသီဥတု ဖောက်ပြန် ပြောင်းလဲတာတွေကြောင့် ဆိုးဆိုးရွားရွားကျတဲ့ အဆင့်ကို ရောက်သွားတာလို့လည်း ဆိုပါတယ်။

သီးနှံကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ငမြှောင်တောင်ပိုးကို နှိမ်နင်းနိုင်မယ့် နည်းလမ်း အကြံပြုချက်တွေကို တတ်နိုင်သလောက် ပြည့်ပြည့်စုံစုံ ထုတ်ပြန်ပေးထားတယ်လို့ ဆိုပါတယ်။

ဒီပိုးကိုနှိမ်နင်းဖို့အတွက် ပိုတက်ရှ် ဓာတ်မြေသြဇာကို မဖြစ်မနေသုံးဖို့၊ ပေါင်းမြက်တွေကို ရှင်းပေးဖို့၊ ပင်စည်ကိုဝိုင်းပြီး ထွက်တဲ့ အရွက်တွေမှာ ပြာ၊ ထုံး၊ ဆားနဲ့ အဝတ်လျှော်ဆပ်ပြာတွေ ထည့်ပေးဖို့၊ သဘာဝ မိတ်ဆွေပိုးတွေဖြစ်တဲ့ ပုရွက်ဆိတ်၊ အတောင်မာကျိုင်း၊ ပင့်ကူ၊ ငှက် စတာတွေကို ထိန်းသိမ်းဖို့၊ ပုရွက်ဆိတ်တွေကို ဆွဲဆောင်ဖို့အတွက်  သကြားရည်၊ ဟင်းချက်ဆီနဲ့ ငါးဟင်းရည် စတာတွေကို ပြောင်းခင်းထဲကို ပက်ဖျန်းဖို့ စတဲ့ နည်းလမ်းတွေကို စိုက်ပျိုးရေးဦးစီးဌာနက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013