DVB Logo
Home
မြန်မာသတင်း
လယ်ယာထွက်ကုန်ဈေးနှုန်း တည်ငြိမ်ရေး အဓိကကျသည့် ဈေးကွက် ဖော်ဆောင်နိုင်မှုမရှိသေး
DVB
·
August 27, 2018
လယ်ယာထွက်ကုန်ဈေးနှုန်း တည်ငြိမ်ရေး အဓိကကျသည့် ဈေးကွက် ဖော်ဆောင်နိုင်မှုမရှိသေး
Donate to DVB

လယ်ယာထွက်ကုန်ဈေးနှုန်းတွေ တည်ငြိမ်ဖို့ ဆွေးနွေးပွဲတွေ မကြာခဏ ကျင်းပပေမယ့် အဓိကကျတဲ့ ဈေးကွက် ဖော်ဆောင်နိုင်မှု မရှိသေးဘူးလို့  ဘုရင်နော့င်ကုန်စည်ဒိုင်ဥက္ကဋ္ဌက ဝေဖန်ပြောဆိုလိုက်ပါတယ်။

စိုက်ဧက သန်း ၃၀ နီးပါးရှိတဲ့ မြန်မာပြည်မှာ စိုက်ပျိုးစီးပွားကောင်းမွန်လာဖို့ ခေတ် အဆက်ဆက်တိုင်း အစိုးရနဲ့ ပုဂ္ဂလိကပိုင်းက  ဆွေးနွေးပွဲပေါင်းများစွာ ကျင်းပခဲ့ပေမယ့် ခိုင်မာတဲ့ ဈေးကွက် မဖော်ဆောင်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌက ပြောဆို လိုက်တာပါ။

သြဂုတ် ၁၈ ရက်နေ့က ဒုတိယ သမ္မတဦးဆောင်ပြီး ပဲမျိုးစုံပြောင်း၊ နှမ်းစိုက်ပျိုး ထုတ်လုပ်ရောင်းချမှု ဖွံ့ဖြိုးလာဖို့ စိုက်ပျိုးထုတ်လုပ်သူတွေနဲ့ ကုန်သည်တွေ တွေ့ဆုံဆွေးနွေး ခဲ့သလို သြဂုတ် ၂၇ ရက်နေ့မှာလည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်က “တကယ်ကတော့ ဈေးကွက်ဖော်ဆောင်ဖို့ ပါ။ နိုင်ငံတော်အနေနဲ့ ဒီဟာကို ဖော်ဆောင်နိုင်သလား၊ အသင်းအနေနဲ့ ဖော်ဆောင်နိုင်သလား၊ တာဝန်ယူနိုင်သလား ဆိုတဲ့အပေါ်မှာ မူတည်တယ်။ အသင်းအနေနဲ့၊ နိုင်ငံတော်အနေနဲ့ ဒီဟာကို မဖော်ဆောင်နိုင်ဘူးဆိုရင် တောင်သူယုံကြည်မှု အားနည်းနေတဲ့အတွက် ကျနော်တို့က ဒီအခက်အခဲက ရှိနေလိမ့်မယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက အများဆုံးတင်ပို့ခဲ့တဲ့ ပို့ကုန်အမယ် ၃၀ မှာ စိုက်ပျိုးရေးထွက်ကုန်က နှစ်စဉ် ၁၅ မျိုးလောက်ပါ ဝင်နေပါတယ်။ အဲဒီကနေ ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ နီးပါး ရရှိနေပါတယ်။  

တိုင်းပြည် လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်မှီခိုနေတဲ့ စိုက်ပျိုးစီးပွားလုပ်ငန်းက ရိတ်သိမ်းချိန်နောက်ပိုင်းမှာ ဈေးကွက်တည်ငြိမ်မှု အားနည်းတဲ့အပြင် စိုက်ပျိုးထုတ်လုပ်မှု အပိုင်းမှာလည်း စိန်ခေါ်မှုများစွာ ရှိနေပါတယ်။

ရေစကြိုမြို့နယ် ဂွေးကုန်းကျေးရွာ တောင်သူ ဦးသိန်းထွန်းက “ကျနော်တို့က သဘာဝကို မှီခို စားသောက်ရတဲ့ တောင်သူတွေ ဖြစ်တဲ့အတွက် အဆင်သင့်ဖြစ်ပြီလား ဆိုတဲ့ မေးခွန်းက တော်တော် ဖြေရတာ ခက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိုးလေဝသက စောစောစီးစီး ကျလို့ စောစောစီးစီးရိတ်သိမ်းရရင် နောက်တသီးစိုက်လို့ အခြေနေကောင်းတာပေါ့။ အခုကျတော့ သဘာဝဘေးဒဏ်တွေက ရာသီဥတုဖောက်ပြန်တဲ့အခါကျတော့ သီတင်းကျွတ်ရင် မိုးကျွတ်သွားတဲ့အခါကျတော့ နောက်သီးနှံစိုက်ဖို့ ဘယ်လို ဆုံးဖြတ်ချက်ချရမလဲ မရဘူးပေါ့နော်” လို့ ဆိုပါတယ်။

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ  စိုက်စရိတ်အောက် လျော့နည်းလာတဲ့ သီးနှံဈေးနှုန်းတွေကို အစိုးရက ဝယ်ယူရမယ့် သတ်မှတ်ချက်ကို ဥပဒေမှာ ထည့်သွင်းရေးဆွဲ ထားပါတယ်။ ဒါ့အပြင် အခြေခံ ရည်ညွှန်း စပါးဈေးကို ၂၀၁၈ ခုနှစ် မတ်လမှာ စတင်သတ်မှတ်နိုင်ပေမယ့် စိုက်ဧက ၁၁ သန်းကျော် စိုက်ပျိုးထုတ်လုပ်ပြီး တောင်သူအများစုက စီးပွားဖြစ်သီးနှံအဖြစ် မှီခိုနေတဲ့ ပဲတောင် သူတွေအတွက်ကတော့ အာမခံချက် အသေချာ မရှိသေးပါဘူး။

ပဲ၊ နှမ်းအသင်း အကြံပေး ဦးစိုးဝင်းမောင်က “တကယ်က အိန္ဒိယက သူ့ရဲ့အနိမ့်ဆုံးဈေး MSP သတ်မှတ်တာက သူ့ရဲ့တောင်သူလယ်သမားကို ကြည့်ပြီးလုပ်တဲ့သဘောပဲ၊ တောင်သူ တွေရဲ့ ဝင်ငွေကျနေတယ်၊ အဲဒါကြောင့်သူက အဲ့ဈေးလေးကို တင်ပေးတယ်။  တင်ပေးတဲ့အခါကျတော့ သူ့ရဲ့ဈေး level ကမြင့်လာတယ်။ အဲလိုမြှင့်လိုက်ခြင်းအားဖြင့် သူ့ရဲ့ ဒေသ မှာ စားသုံးနေတဲ့ ပြည်သူတွေက ဈေးပိုပေးလာတဲ့သဘောဖြစ်လာတယ်။ အမှန်ကတော့ စီးပွားရေးမှာ သူ့ဟာနဲ့ သူထိန်းကျောင်းတဲ့စနစ်တွေ ရှိတယ်။ …ကိုယ်သွားမယ့် လမ်းကြောင်းက မြန်မြန်ဆန်ဆန် ရောက်တာပေါ့” လို့ ပြောပါတယ်။

တပြည်လုံး မတ်ပဲ စိုက်ပျိုးထုတ်လုပ်မှုရဲ့ ရာခိုင်နှုန်း ၆၀နီးပါးနဲ့ ပဲစင်းငုံထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းအထိ အိန္ဒိယကို တင်ပို့နေပါတယ်။  အိန္ဒိယရဲ့ ပဲလိုအပ်ချက်က လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ တန်ချိန် ၃၉ သန်း အထိရှိလာမှာပါ။

အဲ့ဒီအပြင် တကမ္ဘာလုံးရဲ့ စိုက်ပျိုးရေး ထွက်ကုန်ရောင်းဝယ်မှုက ဆန်တန်ချိန် သန်းငါးဆယ် နီးပါး၊ အစေ့ထုတ်ပြောင်း တန်ချိန်သန်းငါးဆယ်ကျော်၊ ပဲပုပ်တန်ချိန် သန်း ၁၅၀ကျော်နဲ့ အခြားပဲမျိုးစုံက တန်ချိန် ဆယ်သန်း အထိ ရှိနေတဲ့အတွက် ဒီဈေးကွက်တွေရရှိဖို့က ဈေးကွက်ဖော်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်တွေကတော့ လိုအပ်နေပါတယ်။

သတင်း - ရူပါအောင်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013