DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ငြိမ်းချမ်းရေးခရီး ၇ နှစ်
DVB
·
August 27, 2018
ငြိမ်းချမ်းရေးခရီး ၇ နှစ်
Donate to DVB

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ သြဂုတ် ၁၈ ရက်မှာ ဦးသိန်းစိန် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် အခု သြဂုတ်လ ၁၈ ရက်မှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု ၇ နှစ်တင်းတင်း ပြည့်ခဲ့တယ်။ ၇ နှစ်တာကာလအတွင်း နိုင်ငံထဲ ရှိရှိသမျှ တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့အနက် ၁၀ ဖွဲ့ဟာ အန်စီအေလို့ ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လ၊ ၂၀၁၇ ခုနှစ် မေလနဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လတို့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေး ၃ ကြိမ် လုပ်နိုင်ခဲ့ပြီး သဘောတူညီချက် ၅၁ ခု ရထားတယ်။ အဲဒီ သဘောတူညီချက်တွေကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁ နဲ့ ၂ လို့ ခေါ်တွင်ပြီး လက်ရှိ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတယ်။ ဒီထဲမှာ နိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ထောင်ရမယ်ဆိုတဲ့ အရေးကြီးတဲ့ သဘောတူညီချက်တွေ ပါဝင်ထားပြီး အစကောင်းခဲ့တယ်လို့ ဆိုနိုင်ပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်က အခက်အခဲတွေ တင်းကြမ်းပြည့်နေတုန်းပဲ ဖြစ်တယ်။ ဥပမာတခု ကောက်ကာငင်ကာ ပြောရရင် ပြီးခဲ့တဲ့ တတိယပင်လုံ အစည်းအဝေးမှာ လုံခြုံရေးကဏ္ဍကို ထည့်သွင်းဆွေးနွေးနိုင်ခြင်း မရှိခဲ့ဘဲ ယူပီဒီဂျေစီ လို့ခေါ်တဲ့  ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီက ချပေးတဲ့အချက် ၁၄ ချက်ကိုပဲ ညီလာခံတက်လာတဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးခွင့်ရခဲ့ကြတာ ဖြစ်တယ်။ ဆွေးနွေးဘက်တွေ အမြောက်အမြား တက်ရောက်ခဲ့ကြတဲ့ တတိယပင်လုံ အစည်းအဝေးမှာ အဓိကအားဖြင့် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ပဲ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး ကျန်အစုအဖွဲ့တွေက အဖြည့်ခံလို ဖြစ်ခဲ့တယ်။ ၇ နှစ်ခရီးအစ ၂၀၁၁ ကို ပြန်ပြောင်းကြည့်မယ်။

အဲဒီတုန်းက ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ ယူပီဒဗလျူစီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အန်စီစီတီ တနိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့တို့ဟာ ဆွေးနွေးဘက်တွေ ဖြစ်ခဲ့တယ်။ တိုင်းရင်းသား တပ်ဖွဲ့တို့ဘက်က အန်စီစီတီအဖွဲ့ကို ဒီတုန်းက မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ခေါင်းဆောင် ဆွေးနွေးခဲ့တာဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်နဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်တို့မှာ ကူးသန်းသွားလာပြီး အဆက်မပြတ် ဆွေးနွေးခဲ့တယ်။ တိုင်းရင်းသားတပ်ဖွဲ့တို့အနေနဲ့ လော်ခီးလာ၊ လိုင်ဇာ စတဲ့ ထိပ်သီးညီလာခံတွေ အကြိမ်ကြိမ်လုပ်ပြီး ဆွေးနွေး အဖြေရှာကြ၊ ပြီးရင် အစိုးရနဲ့ ပြန်တွေ့ဆုံဆွေးနွေးကြနဲ့ ဆွေးနွေးပွဲတွေ အလီလီ လုပ်ခဲ့ကြတယ်။ နှစ်ဖက် ဆွေးနွေးပွဲတွေ ရပ်တန့်တော့မလိုလည်း အကြိမ်ကြိမ် ဖြစ်ခဲ့ပေမယ့် နှစ်ဖက်စလုံးကပဲ ဆွေးနွေးပွဲတွေ ပြန်စနိုင်အောင် ပြန်လည်ကြိုးပမ်းခဲ့ကြတာ တွေ့မြင်ခဲ့ရတယ်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆီ အကြိမ်တိုင်းလိုလို သွားရောက်သတင်းရယူဖူးပြီး ဆွေးနွေးဘက် ခေါင်းဆောင်တွေရဲ့ အရိပ်အကဲ ကြည့်လိုက်တာနဲ့ ဆွေးနွေးပွဲ အောင်မြင်တယ်၊ မအောင်မြင်ဘူး တန်းသိတဲ့အထိ ဖြစ်တယ်။ ဆွေးနွေးလို့ အောင်မြင်ရင် နှစ်ဖက်စလုံးက ခေါင်းဆောင်တွေဟာ မီဒီယာပေါ်တက်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောဆိုတတ်ကြပြီး ဆွေးနွေးတာ အဆင်မပြေရင်တော့ နှစ်ဖက်စလုံးက မီဒီယာကို ရှောင်ပြေးတာမျိုးလည်း မကြာမကြာ ကြုံရတယ်။ အဲဒီအချိန်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အန်စီစီတီ တနိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှာ တပ်ဖွဲ့ပေါင်း ၁၆ ခုက ကိုယ်စားလှယ်တွေ ပါဝင်တာဖြစ်လို့ အစိုးရနဲ့ ဆွေးနွေးဘက်တပ်ဖွဲ့ ၁၆ ဖွဲ့ ဖြစ်တယ်။

အစိုးရနဲ့ ဆွေးနွေးဘက် တပ်ဖွဲ့တွေထဲမှာ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၊ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (အေအန်စီ)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (ပီအက်စ်အယ်လ်အက်ဖ်)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (ပီအန်အယ်လ်အို)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ (အယ်လ်ဒီယူ)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အမ်အန်ဒီအေ) စတဲ့ တပ်ဖွဲ့ကိုယ်စားလှယ်တွေ ပါဝင်တယ်။ အစိုးရနဲ့ တပ်ဖွဲ့ ၁၆ ခုက ကိုယ်စားလှယ်တွေ ၂၀၁၁ ခုနှစ်ကစလို့ ဆွေးနွေးလာလိုက်ကြတာ ၂၀၁၅ ခုနှစ်ထဲရောက်တော့ အခန်း ၇ ခန်းနဲ့ အချက် ၃၃ ချက်ပါ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးဖို့ ဖြစ်ခဲ့တယ်။

ဒီတုန်းက တိုင်းရင်းသားတပ်ဖွဲ့ ၁၆ ခုက ကိုယ်စားလှယ်တွေ ချင်းမိုင်က ဟိုတယ်တခုမှာ လက်မှတ်ထိုး၊ မထိုး ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာ ည ၁၁ နာရီလောက်မှ မီဒီယာကို ကြေညာချက်တစောင် ထုတ်ပြန်နိုင်ခဲ့တယ်။ တနေကုန် ဆွေးနွေးနေကြတဲ့ တိုင်းရင်းသားတပ်ဖွဲ့တို့ရဲ့ ဆွေးနွေးပွဲဟာ အဲဒီတုန်းက မီဒီယာကိုပါ အင်မတန် စိတ်လှုပ်ရှားစေခဲ့တယ်။ အစည်းအဝေးခန်းမထဲက တခါတခါ ထွက်ပေါ်လာတဲ့ ပြင်းထန်အားပါတဲ့ ဆွေးနွေးချက်တွေ၊ အစည်းအဝေးခန်းမထဲက ထွက်လာတဲ့ တပ်ဖွဲ့ခေါင်းဆောင်တချို့ရဲ့ ခေါင်းတခါခါ အပြုအမူတွေကလည်း မီဒီယာကို ဖမ်းစားခဲ့တယ်။

နောက်ဆုံးတော့ တပ်ဖွဲ့ ၁၆ ခုအနက် ၇ ဖွဲ့ပဲ အန်စီအေမှာ လက်မှတ်ထိုးမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ကျခဲ့တယ်။ နောက်ပိုင်းမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ကလည်း လက်မှတ်ထိုးမယ်လို့ ကြေညာခဲ့လို့ အန်စီအေမှာ တိုင်းရင်းသားတပ်ဖွဲ့ ၈ ဖွဲ့ ပါဝင်လက်မှတ်ထိုးခဲ့ပါတယ်။

အစိုးရနဲ့ ဆွေးနွေးဘက် တိုင်းရင်းသားတပ်ဖွဲ့ ၁၆ ဖွဲ့အနက် ထက်ဝက်ဖြစ်တဲ့ ၈ ဖွဲ့ လက်မှတ်ထိုးခဲ့ပြီး အဲဒီတပ်ဖွဲ့တွေကတော့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေအန်အယ်လ်အေ-ပီစီ)၊ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (ပီအန်အယ်လ်အို)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) နဲ့ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ တောင်ပိုင်း စတဲ့အဖွဲ့တွေ ဖြစ်တယ်။ အန်စီအေ ဆွေးနွေးပွဲတလျှောက် ပါဝင်ဆွေးနွေးခဲ့ပြီး အန်စီအေစာချုပ်တခု ထွက်လာအောင် ပါဝင်ဆွေးနွေးခဲ့ကြတဲ့ ကေအိုင်အို ကချင်တပ်ဖွဲ့ အပါအဝင် တပ်ဖွဲ့ဝင် ၈ ခုကတော့ တပ်ဖွဲ့အားလုံး အန်စီအေမှာ ပါဝင်ခွင့်မရလို့ဆိုတဲ့ အကြောင်းပြချက် တခုတည်းနဲ့ အန်စီအေမှာ လက်မှတ်မထိုးဘဲ ကျန်ရစ်တယ်။

နောက်ပိုင်းမှာ ယူအန်အက်ဖ်စီလို့ ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကပါ ကေအိုင်အို အပါအဝင် တပ်ဖွဲ့အတော်များများ နုတ်ထွက်သွားလို့ အန်စီအေလမ်းမှာ အတူတကွ လက်တွဲလျှောက်လှမ်းခဲ့တဲ့ ယူအန်အက်ဖ်စီ တပ်ပေါင်းစုလည်း ပြိုကွဲမတတ် ဖြစ်သွားတယ်။ အန်အယ်လ်ဒီအစိုးရ တက်လာတော့ ဦးသိန်းစိန်အစိုးရ ထားခဲ့တဲ့ အန်စီအေကို အမွေဆက်ခံပြီး အန်စီအေလမ်း ဆက်လှမ်းခဲ့ပေမယ့် လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားတပ်ဖွဲ့ တချို့ကတော့ အန်စီအေ ပြင်ပလမ်း လျှောက်မယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ကြပြန်ပါတယ်။

ဒီလိုနဲ့ အန်အယ်လ်ဒီအစိုးရ တက်လာပြီး ၂ နှစ်လောက်ကြာတော့ အရင် အန်စီအေလမ်းမှာ ပါဝင်ဆွေးနွေးခဲ့ဖူးတဲ့ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (အယ်လ်ဒီယူ) တို့ဟာ အခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာ အန်စီအေမှာ လက်မှတ်ရေးထိုးခဲ့တယ်။ အန်အယ်လ်ဒီ အစိုးရလက်ထက် တပ်ဖွဲ့ ၂ ခု လက်မှတ်ထိုးလာတာဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးကို ဦးစားပေး လုပ်မယ်ဆိုတဲ့ အစိုးရတရပ်အတွက် နည်းနည်း အသက်ရှူချာင်ခဲ့တယ်လို့ ဆိုရမယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲ လုပ်ခဲ့တဲ့ တတိယပင်လုံ အစည်းအဝေးကို တရုတ်အစိုးရ အစီအစဉ်နဲ့ လာရောက်တက်ရောက်ခဲ့ကြတဲ့ ကေအိုင်အို ကချင်တပ်ဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ခု ကိုယ်စားလှယ်တွေနဲ့ အစိုးရ ထိပ်တန်းခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ အဲဒီမှာ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးကြသေးတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ခုက အန်စီအေကို ပြန်လည်သုံးသပ်ချင်တယ်လို့ ထုတ်ပြောခဲ့ကြပြီး အစိုးရနဲ့ တပ်မတော်ဘက်ကလည်း ပြန်သုံးသပ်ဖို့ သဘောတူခဲ့တယ်။ ဒီအချက်ဟာ အန်စီအေလမ်းမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ပါဝင်လာမယ့် လက္ခဏာဖြစ်လို့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မျှော်လင့်ချက်တခု ဖြစ်လာတယ်။

အစိုးရနဲ့ တပ်မတော်တို့ဘက်က ၂၀၂၀ ခုနှစ်မှာ တနိုင်ငံလုံး ငြိမ်းချမ်းရေးရနိုင်ဖို့ လတ်တလော မျှော်မှန်းလုပ်ဆောင်နေပြီး ဒီနှစ်ထဲ နောက်ထပ် ပင်လုံညီလာခံတခု လုပ်မယ်။ ၂၀၁၉ ခုနှစ်ထဲ နောက်ထပ် ပင်လုံညီလာခံနှစ်ခု လုပ်မယ်လို့ မျှော်မှန်းထားတယ်။ ဒီအချိန်မှာပဲ တပ်မတော်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တချို့၊ တခါ တိုင်းရင်းသားတပ်ဖွဲ့အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေတုန်း၊ စစ်ပြေးဒုက္ခသည်တွေ ထွက်ပြေးနေရတုန်း ဖြစ်တယ်။

အစိုးရက ငြိမ်းချမ်းရေး ဖိတ်ခေါ်လိုက်ပြီး ၇ နှစ်အကြာမှာ အစိုးရနဲ့ အပစ်မရပ်သေးတဲ့ တိုင်းရင်းသားတပ်ဖွဲ့ ၁၀ ဖွဲ့ကျော် ရှိနေတုန်း အနေအထားဖြစ်ပြီး နှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်မီးက တငွေ့ငွေ့ တောက်လောင်တုန်း ဖြစ်ပါတယ်။

ကိုရွှေအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013