DVB Logo
Home
မြန်မာသတင်း
မိုးကောင်းမြို့တွင် စစ်တပ်က အဓမ္မစေခိုင်းမှုများ ရှိ
DVB
·
August 1, 2012
Donate to DVB

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မြန်မာစစ်တပ်က အဓမ္မခိုင်းစေမှုတွေ လုပ်ဆောင်နေတယ်လို့ ကာယကံရှင် ရွာသားတွေက ပြောပါတယ်။

တပ်စခန်းဆောက်ဖို့ လုံခြုံရေးအတွက် သစ်ပင်ခုတ်ရှင်းတာတွေမှာ ဒေသခံ အရပ်သားတွေကို ခိုင်းစေနေတာလို့  ဒေသခံတွေက ပြောပါတယ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ဟိုပင်အခြေစိုက် ခမရ ၃၈၈ မန္တလေး မြစ်ကြီးနား ရထားလမ်း လုံခြုံရေးတာဝန်ယူစဉ် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်က နန်းခွင်ကျေးရွာသားတွေကို ရထားလမ်းဘေးက ခြုံနွယ်တွေကို ဒီနေ့ အဓမ္မ ရှင်းလင်းခိုင်းခဲ့တယ်လို့ နန်းခွင်ရွာသား တဦးက ပြောပါတယ်။

ဇူလိုင် ၂၉ ရက်နေ့က စစ်တပ်ခိုင်းတာ မလုပ်တဲ့အတွက် နန်းခွင်ကျေးရွာကို ခမရ ၃၈၈ တပ်ရင်းက တပ်ကြပ်ကြီး ကြည်စိုးနဲ့ တပ်ကြပ် တင်စိုးတို့ကနေ သေနပ်ပစ်ဖောက် ခြိမ်းခြောက်ခဲ့ပြီး ဒီနေ့မှာတော့ သူတို့ ခိုင်းသလို သွားရောက်လုပ်ခဲ့ရတာပါလို့ ဒေသခံရွာသားတွေက ဆက်ပြောပါတယ်။

နန်းခွင်ရွာဟာ အိမ်ခြေ ၄၀၀ လောက်ရှိပြီးတော့ မိုးကောင်းမိုးညှင်းမြို့နယ်ကြားမှာ ရှိနေတာပါ။

၃၈၈ တပ်ရင်းဟာ ဒေသခံတွေအပေါ် အတင်းအဓမ္မ အလုပ်စေခိုင်းတာ အပြင် ဒေသခံတွေအပေါ်မှာ နှိပ်စက်မှုတွေရှိတဲ့ သတင်းတွေကို ရွာသားတွေက ပြောပြကြပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုချက် မရရှိပါဘူး။

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက ၃၈၈ တပ်ရင်းက အရာရှိတွေနဲ့ မီးရထားဝန်ထမ်းတွေ စကားများကြပြီး အရာရှိကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် မီးရထားဝန်ထမ်း နန်းခွင်ရွာသား ကိုဇော်နိုင်ဟာ ပွဲချင်းပြီး သေဆုံးခဲ့တဲ့ ဖြစ်ရပ်မှာလည်း တရားခံကို အရေးမယူသေးဘူးလို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

“၃၈၈ တပ်က လူသတ်မှုတွေလည်း ဖြစ်နေတာပဲ။ ဟိုတလောက ပစ်သတ်ခံရတယ်ဆိုတာကလည်း နန်းခွင်ရွာသားပဲ။ ဒီနယ်တ၀ိုက်မှာ ၃၈၈ က ကြီးစိုးနေတာဗျ။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ကိုယ်တိုင်က အတင်းအဓမ္မ အလုပ်စေခိုင်းတာတွေ မလုပ်ဆောင်ကြဖို့ ညွှန်ကြားနေတဲ့ အချိန်မှာ အခုလို အဓမ္မခိုင်းစေ တာတွေ ဖြစ်ပွားနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013