
သြဂုတ် ၂၇ ရက် ဒီနေ့မှာ နောက်ဆုံး စီရင်ချက်အမိန့်ချမှတ်မယ့် ရိုက်တာ သတင်းထောက် ၂ ယောက်ရဲ့အမှုကို လာမယ့် စက်တင်ဘာ ၃ ရက်နေ့ကို ရွှေ့ဆိုင်း လိုက်ပါတယ်။
တရားသူကြီးနေမကောင်းလို့ ရွှေ့ဆိုင်းလိုက်တာလို့ ရိုက်တာသတင်းထောက်တွေရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က သတင်းထောက်တွေကို ပြောပါတယ်။
အစောပိုင်းက ဒီကနေ့ သြဂုတ် ၂၇ ရက်နေ့မှာ အပြီးသတ် စီရင်ချက်ချမှတ်ဖို့ ချိန်းဆိုခဲ့ပြီး ဒီကနေ့ ရုံးချိန်းမှာ အမိန့်ချမှုကို ရွှေ့ဆိုင်းလိုက်တာပါ။
“တရားခွင်မှာ ခရိုင်တရားသူကြီး ဦးမောင်မောင်ကနေပြီးတော့ ပြန်လည်ချိန်းဆိုတယ်။ ၂၄ ရက်နေ့ကတည်းက ဆရာဦးရဲလွင်က နေမကောင်းဘူးဖြစ်နေတဲ့အတွက် လာမယ့် ၃ ရက်နေ့ကို ချိန်းတယ်ဆိုပြီးတော့ ပြောတာပါ။”
ဒီနေ့ အပြီးသတ် စီရင်ချက်ရုံးချိန်းအတွက် ရိုက်တာသတင်းထောက်တွေကို ၀န်းရံဖို့ ပြည်သူတွေ၊ နိုင်ငံတကာသံတမန်တွေ တရားရုံးကို လာရောက်ခဲ့ပါတယ်။
ရိုက်တာသတင်းထောက် နှစ်ယောက်ဟာ ရခိုင်ပြည်နယ် အင်းဒင်ရွာလူသတ်မှု အကြောင်း သတင်းဆောင်းပါး ရေးသားဖို့ သတင်းလိုက်ရင်း ၂၀၁၇ ဒီဇင်ဘာလက ဖမ်းဆီးခံ ထားရတာပါ။
ရိုက်တာသတင်းဌာနရဲ့ မြန်မာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ကို ဖမ်းဆီးစစ်ဆေးနေတာ ခုဆိုရင် ၈ လကျော်ကြာရှိနေပြီဖြစ်ပါတယ်။
အင်းဒင်ရဲစခန်းက ဒုရဲမှူးမိုးရန်နိုင်ကတော့ ရိုက်တာသတင်းထောက် ၂ ဦးကို ရဲတပ်ဖွဲ့က ထောင်ဖမ်းခဲ့တာလို့ သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။
နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁)(ဂ) နဲ့ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်တာ ဖြစ်ပါတယ်။










