DVB Logo
Home
မြန်မာသတင်း
ဖလင်ပိဋကတ်တိုက်မှ ခေတ်ဟောင်းဖလင် ၉၀ ရာခိုင်နှုန်းပျက်စီး၊ အအေးခန်း ပြုပြင်ရန်လိုအပ်
DVB
·
August 26, 2018
ဖလင်ပိဋကတ်တိုက်မှ ခေတ်ဟောင်းဖလင် ၉၀ ရာခိုင်နှုန်းပျက်စီး၊ အအေးခန်း ပြုပြင်ရန်လိုအပ်
Donate to DVB

မြန်မာနိုင်ငံမှာရှိနေတဲ့ ဖလင်ပိဋကတ်တိုက်က ဖလင်တွေမပျက်စီးဖို့ သိုလှောင်ထားတဲ့ အအေးခန်းတွေပြုပြင်ဖို့ လိုအပ်တယ်လို့ Save Myanmar Film က ပြောပါတယ်။

ဖလင်ပိဋကတ်တိုက်မှာ ခေတ်ဟောင်းဖလင် အဖြူအမည်း ၁၄ ကားပဲ ကျန်ရှိနေပြီး ၉၀ ရာခိုင်နှုန်း ဖလင်တွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ဖလင်ပိဋတိုက်က အအေးခန်းက သာမာန်အအေးခန်း ဖြစ်နေတာကြောင့် ဖလင်သိုလှောင်ထားတဲ့ အအေးခန်းတွေကိုထားရှိဖို့ အရေးကြီး လုပ်ဆောင်သွားမယ်လို့ Save Myanmar Film Project Director ကိုဥက္ကာက ပြောပါတယ်။

Save Myanmar Film Project Director ကိုဥက္ကာ “အအေးခန်း သိုလှောင်တာက အရမ်းအရေးကြီးပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနမှာ ပိဋကတ်တိုက်ဆိုတာ ရှိပါတယ်။ ပိဋကတ်တိုက်ဆိုတာ ဖလင်ထိန်းသိမ်းတဲ့ အအေးခန်းပါပဲ။ အဲဒီအအေးခန်းမှာ သာမန် အဲကွန်းနဲ့ပဲ ထိန်းသိမ်းထားတယ်။ စနစ်လိုအပ်တယ်။ အဲဒါကို ကျနော်တို့ လေ့လာပြီးတော့ စာတင်ထားတာရှိပါတယ်။ ဘယ်အချိန်မှာ လုပ်ဖြစ်မလဲကတော့ မသိသေးဘူးပေါ့နော်။ မြဂနိုင် ရုပ်ရှင်ဇာတ်ကားက ကျနော်တို့ နိုင်ငံကို မရောက်သေးတာ။ နောက်ပြီးတော့ အရေးကြီးတာက ကျနော်တို့ နိုင်ငံတော်အဆင့် နိုင်ငံတော်ရဲ့ အလံတင်အခမ်းအနား လွတ်လပ်ရေးရတယ် ဆိုတဲ့ အခမ်းအနားကို ရိုက်ထားတဲ့ သတင်းကားက ကျနော်တို့ဆီမှာ မရှိဘူး။ မူရင်းရုပ်ရှင်ဖလင် မရှိဘူး။ အဲဒါတွေက အရေးကြီးတယ်။ နောက်ထပ် တခြားအရေးကြီးတဲ့ သတင်းကားတွေရှိ တယ်။ အဲဒါတွေကို အခုချိန်ကမှ စမထိန်းသိမ်းရင် နောက်ပိုင်း ဒါမျိုးတွေ ရှိတော့မှာ မဟုတ်ဘူး။” လို့ ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပိဋကတ်တိုက်မှာ အဖြူအမည်း ဇာတ်ကား ၁၄ ကားနဲ့ သတင်း ဇာတ်ကားပေါင်း ၃၀၀၀ ကျော်နဲ့ ဆေးရောင်စုံဇာတ်ကားက ၁၅၀ ကျော်ရှိပါတယ်။ အရှေ့တောင် အာရှမှာ မြန်မာနိုင်ငံရဲ့ ရုပ်သံအမွေအနှစ်အဖြစ် မြဂနိုင်ဇာတ်ကားကို မှတ်တမ်းတင်ခံခဲ့ရ ပါတယ်။ ဖလင်တွေ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လိုအပ်မှုတွေ ရှိနေသေးတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက “အခုလောလောဆယ်မှာတော့ ပြန်ကြားရေးဝန်ကြီးဌာန ရုပ်ရှင်အစည်းအရုံးမှာ ရှိနေတဲ့ နေရာတခု ပေးထားပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရဲ့ အစီအစဉ်နဲ့ အဲဒီထဲမှာ ထိန်းသိမ်းထားလျက်ရှိပါတယ်။ ဒါပေမယ့် လိုအပ်မှုတွေ များစွာရှိပါသေးတယ်။ ဒါအပြင့် ဒီဖလင်တွေကို ထိန်းသိမ်းစောင့် ရှောက်ဖို့ သင်တန်းတွေလည်း ပေးရမယ်လို့ ကိုဥက္ကာ ပြောသွားတဲ့ ကိစ္စတွေရှိပါတယ်။ work shop ဆိုရင် သူတို့လုပ်ပေးသွားနိုင်တာ နှစ်ရက်ပဲရှိပါတယ်။ နောက်ဆိုရင် ၇ ရက် ၁ဝ ရက် စသည်ဖြင့် ဒါကို ရုပ်ရှင်ကို ဝါသနာပါကြတဲ့ ရုပ်ရှင်ကို ချစ်မြတ်နိုးကြတဲ့ လူငယ်တွေကို ဒါကို ထိန်းသိမ်းစောင့်ရှောက်နည်းကို သင်ပေးပြီးတော့မှ ဒါကို ဘော်လန်ထရီရာ အနေနဲ့ ဝိုင်းဝန်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ အဲလို သင်တန်းတွေ ပေးနိုင်အောင်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဆက်လက်ကြိုးစားပါဦးမယ်”လို့ ပြောပါတယ်။

မြဂနိုင်ရုပ်ရှင်ဇာတ်ကားကို ကမ္ဘာ့ရုပ်ရှင်အမွေအနှစ်အဖြစ် ယူနစကိုအဖွဲ့ကိုတင်သွင်းပြီး အသိအမှတ်ပြုခံရတဲ့အတွက် Save Myanmar Film ကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ဂုဏ်ပြုဆုပေးအပ်ခဲ့ပါတယ်။

ဂုဏ်ပြုဆုပေးပွဲကို သြဂုတ်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013