DVB Logo
Home
မြန်မာသတင်း
နမ့်စန် ပြောင်းခင်း ဧက ၅၀၀ ကျော်တွင် သီးနှံဖျက် ငမြှောင်တောင်ပိုး ကျရောက်
DVB
·
August 26, 2018
နမ့်စန် ပြောင်းခင်း ဧက ၅၀၀ ကျော်တွင် သီးနှံဖျက် ငမြှောင်တောင်ပိုး ကျရောက်
Donate to DVB

ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်က ပြောင်းစိုက်ခင်း ဧက ၅၀၀ ကျော်မှာ ပျံ့နှံ့နိုင်အားကောင်းပြီး သီးနှံအမျိုးပေါင်း ၈၀ ကျော်ကို ဖျက်ဆီးနိုင်တဲ့ ငမြှောင်တောင်ပိုး ကျနေရာက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ တပတ်လောက်ကစလို့ သီးနှံခင်းတွေကို ဖျက်ဆီးနေတာဖြစ်ပြီး ဒီနေ့အထိ မနှိမ်နင်းနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးနေဇော်နိုင်က “ဒီနေ့ အချိန်အထိတော့ ပိုးကို မနိုင်သေးဘူးဗျ။ တောင်သူတွေကတော့ ဆိုင်ကလုန်းဆိုတဲ့ ဆေးတမျိုး ဖြန်းနေကြတယ်။ ဒီဘက်အခင်းက ဆေးဖြန်းရင် ဟိုဘက်အခင်းကို ရောက်သွားတယ်။ ဟိုဘက် အခင်းကို ဖြန်းပြန်တော့ နောက်အခင်းကို ရောက်သွားပြန်ရော။ ကျနော့်ကို ပြောလာတဲ့အတိုင်း ဆိုရင် ရွာ ၁၀ ရွာနဲ့အထက်မှာ ပိုးတွေရောက်နေပြီ။ တော်တော် ကျယ်ကျယ်ပြန့်ပြန့်ကို ကူးနေတာ။ ပိုးကျနေတဲ့ ပြောင်းခင်းဧက က ၅၀၀ အထက်ရှိနိုင်တယ်” လို့ ပြောပါတယ်။

ပိုးကျတဲ့ ရွာတချို့ကို မြို့နယ် အုပ်ချုပ်ရေးနဲ့ စိုက်ပျိုးရေးဌာန တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုခဲ့ပေမယ့် ပိုးသတ်ဆေးကိုတော့ မပေးနိုင်ဘူးလို့လည်း သူက ပြောပါတယ်။

“ဆေးကတော့ မပေးဘူး။ ပညာပေးနဲ့ သုတေသနပဲ လုပ်တယ်။ အခင်းပတ်လည်မှာ မြောင်းတွေ ဖောက်ခိုင်းတယ်။ ဆေးတမျိုးမှာ ပေးမယ်ဆိုတာလည်း မရောက်လာသေးဘူး” လို့ ဦးနေဇော်နိုင်က ပြောပါတယ်။

ညဘက်မှာ မီးထွန်းဖို့ နည်းလမ်းပေးတာ ရှိပေမယ့် ထွန်းတဲ့အခင်းကိုပဲ ပိုးတွေပိုကျမှာ စိုးတာကြောင့် တောင်သူတွေက မထွန်းရဲကြဘူးလို့လည်း သူက ဆိုပါတယ်။ နမ့်စန်မြို့နယ်မှာ ပြောင်းကိုပဲ အများဆုံး စိုက်ထားတာလို့လည်း ဆိုပါတယ်။

စပါး၊ ဝါနဲ့ ဟင်းသီးဟင်းရွက်တွေအပါအဝင် သီးနှံအမျိုးပေါင်း ၈၀ လောက်ကို ဖျက်ဆီးနိုင်တဲ့ ငမြှောင်တောင်ပိုးကို အိန္ဒိယနိုင်ငံမှာ ပထမဆုံးတွေ့ရပြီး လျင်လျင်မြန်မြန် ပျံ့နှံ့နိုင်လို့ မြန်မာနိုင်ငံကိုလည်း ဝင်ရောက်လာနိုင်တယ်လို့ စိုက်ပျိုးရေး ဦးစီးဌာနက သြဂုတ် ၂၀ ရက်မှာ သတိပေးထားပါတယ်။

ငမြှောင်တောင်ပိုးဟာ လွန်ခဲ့တဲ့ တပတ်ကျော်လောက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်က ရွာတချို့မှာလည်း ကျနေတာပါ။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထားရီက “ပျက်နေတဲ့ နေရာတွေကတော့ ပိုးတွေတောင် မသေသေးဘူးရှင့်။ တချို့အခင်းက နုသေးတော့ ဘယ်လိုမှ ပြန်မရနိုင်တော့ဘူး။ ရင့်တဲ့ အခင်းတွေကတော့ အဖူးတွေ ကျန်နေသေးတယ်။ ဘယ်လိုလာမလဲ မသိသေးဘူး။ ပိုးကတော့ ပွားတာမြန်တယ်။ တောင်သူတွေက သူတို့ရဲ့ အတွေ့အကြုံအရ ဆေးဖြန်းရင် ပိုပွားသတဲ့။ နတ်ကိုင်တာ ဆိုပြီး နတ်ပူဇော်ကြသေးတယ်။ ပြီးမှ ဆေးဖြန်းတာဆိုတော့ နည်းနည်း နောက်ကျသွားတာလည်း ရှိတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ရွာ ၆ ရွာလောက်က ပြောင်းခင်း ဧက ၆၀ လောက်မှာ ပိုးတွေ ကျနေတယ်လို့ဆိုပါတယ်။

မြို့နယ် စိုက်ပျိုးရေးဌာနက ပိုးသတ်ဆေး ပံ့ပိုးပေးပေမယ့် မလုံလောက်ဘဲ အခုတော့ ပြည်နယ် ဝန်ကြီးက ပိုးသတ်ဆေးတွေ ပို့ပေးနေတယ်လို့လည်း သူက ပြောပါတယ်။ ပြီးတော့ ဆုံးရှုံးခဲ့တာတွေအတွက် ပြန်ပြီး ပံ့ပိုးပေးစေချင်လို့လည်း သူက ဆက်ပြောပါတယ်။

ငမြှောင်တောင်ပိုးဟာ တညအတွင်းမှာ ကီလိုမီတာ ၁၀၀ (မိုင် ၆၀ ကျော်) အထိ ပျံသန်းနိုင်ပြီး သီးနှံအထွက်နှုန်းကို သိသိသာသာထိခိုင်စေနိုင်တာကြောင့် ရိက္ခာဖူလုံမှုကို သက်ရောက်နိုင်တဲ့ ဖျက်ပိုးဖြစ်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က သတိပေးထားပါတယ်။

ဒီပိုးကို နှိမ်နင်းဖို့အတွက် ပိုတက်ရှ် ဓာတ်မြေသြဇာကို မဖြစ်မနေသုံးဖို့ ပြာ၊ ထုံး၊ ဆားနဲ့ အဝတ်လျှော်ဆပ်ပြာတွေ ထည့်ပေးဖို့၊ သဘာဝမိတ်ဆွေပိုးတွေဖြစ်တဲ့ ပုရွက်ဆိတ်၊ အတောင်မာ ကျိုင်း၊ ပင့်ကူ၊ ငှက် စတာတွေကို ထိန်းသိမ်းဖို့၊ ပုရွက်ဆိတ်တွေကို ဆွဲဆောင်ဖို့အတွက်  သကြားရည်၊ ဟင်းချက်ဆီနဲ့ ငါးဟင်းရည် စတာတွေကို ပြောင်းခင်းထဲကို ပက်ဖျန်းဖို့ စတဲ့ နည်းလမ်းတွေကို စိုက်ပျိုးရေးဦးစီးဌာနက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013