DVB Logo
Home
မေးမြန်းခန်း
သည်ဗွိုက်ဂျာနယ် ထုတ်ဝေခွင့် ရပ်ဆိုင်းခံရသည့်အပေါ် မေးမြန်းချက်
DVB
·
August 1, 2012
သည်ဗွိုက်ဂျာနယ် ထုတ်ဝေခွင့် ရပ်ဆိုင်းခံရသည့်အပေါ် မေးမြန်းချက်
Donate to DVB

အစိုးရက ပြည်တွင်း အပတ်စဉ်ထုတ် သည်ဗွိုက်ဂျာနယ်နဲ့ အင်ဗွိုင်းဂျာနယ်တို့ကို ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်မှာ ဖျက်သိမ်းပါတော့မယ်လို့ အများသိ ကြေညာထားပေမယ့် ဆက်လက်တည်ရှိနေဆဲဖြစ်တဲ့ စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာနက ရပ်ဆိုင်းလိုက်တာပါ။

ဇူလိုင် ၃၁ ရက်နေ့ကစလို့ ယာယီရပ်ဆိုင်းကြောင်း ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ အဲဒီဌာနရဲ့ အသိပေးကြေညာချက်မှာ ဇူလိုင် ၂၈ ရက်ထုတ် သည်ဗွိုက်စ်ဂျာနယ်နဲ့ ဩဂုတ် ၂ ရက်ထုတ် အင်ဗွိုင်းဂျာနယ်တို့ရဲ့ အဖုံးနဲ့ အချပ်ပိုတွေမှာ ပါဝင်တဲ့ သတင်းနဲ့ ပုံတွေဟာ သူတို့ဌာနကို ကြိုတင် မတင်ပြဘဲ ထည့်သွင်းရိုက်နှိပ်သလို ဌာနခွင့်ပြုချက်မရဘဲ ကြိုတင်ဖြန့်ချိခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီလုပ်ဆောင်ချက်တွေဟာ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ နည်းဥပဒေညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိတာဖြစ်လို့ ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းလိုက်တာလို့ ဆိုပါတယ်။

သည်ဗွိုက်ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်ဟာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံ ရှိသင့်ရှိထိုက်တဲ့ အချက်တွေထဲက မီဒီယာလွတ်လပ်ခွင့်ကိုတောင် မပေးနိုင်သေးဘူး ဆိုတာ ထင်ဟပ်တာပါပဲလို့ ပြောပါတယ်။

ဂျာနယ်ထုတ်ဝေခွင့် ရပ်ဆိုင်းခံရပေမယ့် အွန်လိုင်းမီဒီယာမှာ သတင်းတွေကို ဆက်လက် တင်ပြသွားမယ်လို့ သူက ပြောပါတယ်။

ဦးကျော်မင်းဆွေကို မေးမြန်းချက်

သည်ဗွိုက်ဂျာနယ်မှာ ဘယ်အကြောင်းအရာတွေကို ဖော်ပြမိလို့လဲ။

“သောကြာနေ့က မျက်နှာဖုံးသတင်း တချို့နဲ့ နောက်ဆက်တွဲ လိုက်ထားတဲ့ဟာလေးတွေ သွားပြတယ်။ သွားပြတဲ့အချိန်မှာ ကြာသပတေးနေ့ညက ၀န်ကြီး အပြောင်းအလဲ လုပ်မယ့်သတင်းရယ်၊ ကာတွန်းပြပွဲပုံတွေကို ကြာသပတေးည final layout ထဲ ထည့်လိုက်ရော။ သောကြာနေ့မှာ စာပေစိစစ်ရေးကိုသွားတင်တယ်။ ဒုညွှန်ချုပ် ဦးတင့်ဆွေ ပြောတဲ့ ကျနော်တို့ဟာ စိစစ်ရေး မတင်ဘဲနဲ့ ပုံနှိပ်ထုတ်ဝေတယ်ဆိုတာ အခုအချိန်အထိ တခုမှ မရှိဘူးဗျ။ ကျနော်တို့ နောက်ကျပြီး တင်တာပဲ ရှိမယ်။ သူတို့ ခွင့်မပြုတာပဲ ရှိတယ်။ ကျနော်တို့ကတော့ အားလုံးကို တင်ပါတယ်။ တင်တော့ အဲဒီ ၂ ပုဒ်ကို ခွင့်မပြုဘူးလို့ ပြောတယ်။ ကျနော်တို့က ကြာသပတေးနေ့ညကတည်းက ပုံနှိပ်ပြီးပြီ။ အဲဒီအတွက် စနေနေ့မှာ ခေါ်ပြီး လက်မှတ်ထိုးခိုင်းတယ်။ အဲဒီဖြစ်စဉ်ကိုကြည့်ရင် ကျနော်တို့ အပိတ်ခံရတဲ့ အဓိက အကြောင်းအရင်းက သတင်း ၂ ပုဒ်ကြောင့်လို့ ယူဆတယ်။”

သည်ဗွိုက်က ဒီအကြိမ်နဲ့ဆိုရင် ၆ ကြိမ်ရှိပြီလို့ သိရတယ်ဗျ။

“ဟုတ်ပါတယ်ဗျ။ living colour နဲ့ဆိုရင် ၆ ကြိမ်ရှိသွားပါပြီ။”

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဇွန်လကုန်မှာ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ဖျက်သိမ်းမယ်ဆိုပြီး သက်ဆိုင်ရာတာဝန်ရှိသူက မီဒီယာတွေကို တချို့ ပွင့်ပွင့်လင်းလင်း ပြောပြထားတယ်။ အခု ဒီလို အရေးယူဆောင်ရွက်မှုနဲ့ ပတ်သက်လို့ အယ်ဒီတာချုပ်တယောက်အနေနဲ့ ဘာပြောချင်တာ ရှိဦးမလဲ။

“အယ်ဒီတာချုပ်တယောက်အနေနဲ့ မီဒီယာကိုယ်စား တခုခု ပြောထားရင် အဲဒီပြောထားတဲ့စကားကို တာဝန်ယူမှ ရမယ်။ တာဝန်မယူနိုင်ရင် ကျနော် ပြောကို မပြောဘူး။ အဲဒီတော့ စာပေစိစစ်ရေးက ဒုညွှန်ချုပ် တယောက်အနေနဲ့လည်း ပြောထားတဲ့စကားကို တည်ဖို့က တာဝန်ရှိတယ်။ ဒီဟာကို မပိုင်ဘဲနဲ့ ပြောထားတယ်ဆိုရင် ပြဿနာ ရှိနိုင်တယ်။ နောက်တခုက အရင် ၅ ကြိမ် အပိတ်ခံရတယ်ဆိုတာက ဒီအစိုးရ မပြောင်းခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ကောင်စီလို့ပဲ ပြောပြော၊ နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီလို့ပဲ ပြောပြော စစ်တပ်က အုပ်ချုပ်တဲ့ကာလမှာ အရေးယူ ခံရတယ်ဆိုတာ စစ်တပ်က အုပ်ချုပ်နေလို့ဆိုတဲ့ အကြောင်းပြချက်က ရှင်းတယ်။ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုတဲ့ အာဏာ၊ တရားစီရင်တဲ့အာဏာက တစုံတဦး တဖွဲ့တည်းပေါ်မှာ ရှိနေတာကို။ ဒီကိစ္စက ရှင်းတယ်။

“အခုဟာက နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်က ဒီမိုကရေစီအသွင်ပြောင်းနေ တယ်လို့ အစိုးရအဖွဲ့ရော၊ ဥပဒေပြုတဲ့အဖွဲ့ရော၊ အကုန်လုံးက ဒီမိုကရေစီ လမ်းကြောင်းကို သွားနေတယ်လို့ ပြောနေတယ်။ အရပ်သားအစိုးရအသွင်လည်း ပြောင်းပြီးသွားပြီ၊ ဒီလို အရေးယူတဲ့ ကိစ္စမျိုးက အင်မတန်ကို ၀ိရောဓိဖြစ်တဲ့ကိစ္စ။ အင်မတန်ကို ဆန့်ကျင်ဘက်ဖြစ်နေတဲ့ကိစ္စ၊ လုပ်ရပ်နဲ့ ပြောတာက။ ဒီလို ပြောရအောင်ကလည်း သမ္မတကြီး အပါအ၀င် ၀န်ကြီးအချို့က ရှေ့ကို သွားနေတယ်၊ ဒီမိုကရေစီစနစ်ကို တကယ်သွားနေတယ် ဆိုတာကို ပြန်ကြားရေး ၀န်ကြီးဌာနရော တကယ်သိရဲ့လား။ သို့မဟုတ် ပြန်ကြားရေးဝန်ကြီးဌာန သွားချင်တာ အဲလမ်းကြောင်းရော ဟုတ်ရဲ့လား။ ရှေ့ကသမ္မတကြီး သွားနေတဲ့ လမ်းကြောင်းကို နားမလည်တာလား။ အဲဒါမျိုး ပြန်ပြီးတော့ မေးခွန်းထုတ်စရာ ရှိတာပေါ့။

“၀န်ကြီးဌာနတခုဆိုတာ ဌာနတခုတည်း သွားနေလို့ မရပါဘူး။ သက်ဆိုင်ရာ အစိုးရအဖွဲ့ထဲမှာပါတဲ့ ဌာနတခုဖြစ်တယ်။ ၀န်ကြီးဌာနတခု ပြောတဲ့ဆိုတဲ့စကား၊ လုပ်ကိုင်တာတွေ အားလုံးကလည်း အစိုးရကို ကိုယ်စားပြုပါတယ်။ ကောင်းတာလုပ်ရင် အစိုးရသိက္ခာတက်မယ်။ ဆိုးတာလုပ်ရင် အစိုးရသိက္ခာကျမယ်။ ဒါက ရှင်းပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အခုလုပ်ရပ်ဟာ အစိုးရကို သိက္ခာတက်စေသလား၊ ကျစေသလားဆိုတာ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးနဲ့ တာဝန်ရှိသူအားလုံး ပြန်စဉ်းစား သုံးသပ်ကြည့်သင့်တယ်လို့ ထင်တယ်လေ။ လက်ရှိမြန်မာပြည်ရဲ့ အပြောင်းအလဲနဲ့ပတ်သက်ပြီးတော့ အကောင်းမြင်ပြီးတော့ ကြည့်နေသူတွေရှိသလို၊ သံသယနဲ့ အဆိုးမြင်ကြည့်နေတဲ့ သူတွေလည်း ရှိတယ်။ အဆိုးမြင်ကြည့်တဲ့သူတွေက ဒီတိုင်းပြည်ပြောင်းတာဟာ အလကား၊ လိမ်နေတာပါ၊ ဟန်ဆောင်နေတာပါ၊ စစ်အာဏာရှင်စနစ်က ဘယ်တော့မှ မပြောင်းနိုင်ပါဘူးလို့ သံသယနဲ့ စောင့်ကြည့်နေသူတွေရှိတယ်။

“ဒီမိုကရေစီအသွင်ပြောင်းနေတယ်ဆိုတဲ့ နိုင်ငံတခုမှာ၊ ဒီမိုကရေစီ အစိုးရ၊ ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရလို့ပြောနေတဲ့ အစိုးရအဖွဲ့ထဲက ဒီမိုကရေစီစနစ်ရဲ့ အခြေခံ၊ ရှိသင့်ရှိထိုက်တဲ့ အချက်ထဲက မီဒီယာ လွတ်လပ်ခွင့်တောင် အခုအချိန်အထိ မပေးနိုင်သေးဘူး။ သမ္မတကြီးနဲ့ အစိုးရအဖွဲ့၊ ၀န်ကြီးအချို့ဆိုနေတဲ့ ဒီမိုကရေစီလမ်းကြောင်း၊ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ အပြုသဘောအမြင်တွေနဲ့ အဆိုးမြင်ရှုထောင့်တွေကို ပြန်ကြားရေးဝန်ကြီးဌာနက အဆိုးမြင်ရှုထောင့်တွေကို အနိုင်ပေးပြီး မှန်ကန်ကြောင်း အတည်ပြု သက်သေပြလိုက်သလိုဖြစ်နေပါတယ်။”

ဒီဟာနဲ့ ပတ်သက်ပြီးတော့ အယူခံပဲ ဖြစ်ဖြစ်၊ အသနားခံစာပဲ ဖြစ်ဖြစ် ဘယ်လိုမျိုး ဆောင်ရွက်ဖို့ ရှိလဲ။

“အယူခံတို့၊ အသနားခံစာတို့ဆိုတာက ကိုယ့်ကိုကိုယ် ပြစ်မှု ကျူးလွန်ကြောင်း ခံစားရမှ လုပ်ရတာပါ။ အယူခံဆိုတာကလည်း ပြောရရင်လည်း ပြန်ကြားရေးဝန်ကြီးကလည်း ဒီကိစ္စကို တရားဝင် စာနဲ့ပေနဲ့ ထုတ်တာ မဟုတ်ဘူး။  နှုတ်မိန့်နဲ့ လုပ်တဲ့ပုံစံ။ ပြီးတော့မှ သူတို့ဌာနအတွင်း စာကပ်တာတို့ ဘာတို့ပေါ့။ အရင်တုန်းကလည်း ၅ ကြိမ်၊ အခုနဲ့ဆို ၆ ကြိမ်။ တခုတော့ ရှိတာပေါ့ ဘယ်တုန်းက ရေးတယ်သားတယ်။ ကျနော်တို့က ဘာကြောင့် ရေးသားတယ်။ ဒါတွေက နိုင်ငံတော်ပုန်ကန်မှု အထမမြောက်ဘူး၊ တိုင်းပြည် ဆူပူအောင် လုပ်တာ မဟုတ်ဘူး။ တိုင်းပြည်ကို ချောက်ကမ်းပါးထဲ ကျအောင် လုပ်တာ မဟုတ်ဘူး။ ဒို့တာဝန်အရေး သုံးပါးကို စော်ကားတာ မဟုတ်ဘူး။ အစရှိသဖြင့်ပေါ့။ ဒီလိုမျိုး ရေးမယ်ဆိုရင်လည်း ပြန်ကြားရေးဝန်ကြီးဌာနအပေါ်မှာပဲ သွားပြီးတော့  … ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါတွေက အမြင်ကပ်ပုဒ်မနဲ့ အရေးယူတဲ့ ကိစ္စလေ။ အဲ့တော့ ဖြေရှင်းဖို့ ပြောဖို့ဆိုတာက ကျနော်အနေနဲ့ သမ္မတကြီးဆီကိုပဲ ပြောတာ ပိုထိရောက်မယ်။ ဒီဝန်ကြီးဌာနက ပြဿနာရှိတယ်ထင်တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013