ဘူးသီးတောင်တွင် စိတ်ကြွမူးယစ်ဆေးပြား ၁၄ သိန်းကျော် ဖမ်းမိ
DVB
·
August 26, 2018
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ စိတ်ကြွဆေးပြား ၁၄ သိန်းကျော်ကို သယ်ဆောင်လာတဲ့ အမျိုးသား ၂ ဦးကို ဩဂုတ် ၂၅ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။
ရဲတပ်ဖွဲ့က ဘူးသီးတောင်-မောင်တောလမ်း၊ ဘူးသီးတောင် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးဆောင်ရွက်ဖို့ မော်တော်ယာဉ်တွေကို ရှာဖွေတဲ့အချိန်မှာ တွေ့ရှိခဲ့ ရတာပါ။
ဓညဝတီလမ်းအတိုင်း စစ်ဆေးရေးဂိတ်ဘက်ကို မောင်းနှင်လာတဲ့ Boxy အမျိးအစား ယာဉ်ကို ရပ်တန့်စစ်ဆေးတဲ့အခါ ကားနောက်ခန်းမှာ တင်ဆောင်လာတဲ့ ပီနံအိတ်တွေထဲက မြင်းချေးရောင် စက္ကူနဲ့ ထုတ်ထားတဲ့ အထုတ် ၁၄၉ ထုတ်ကို တွေ့ရတယ်၊ အဲ့ဒီအထုတ်တွေကို ဖောက်စစ်တော့ ဆေးပြား ၁,၄၅၂,၇၅ဝ ကိုတွေ့ရလို့ သယ်လာတဲ့ လူနှစ်ယောက်ကို ဖမ်းဆီး စစ်ဆေးနေပါတယ်လို့ မြို့မရဲစခန်းမှူးက ပြောပါတယ်။
ဆေးပြားတွေ သယ်ဆောင်လာသူ ယာဉ်မောင်း အောင်မျိုးလွင်နဲ့ အတူပါလာတဲ့ ခင်မောင်ဝင်တို့ကို ဘူးသီးတောင် ရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း - ကိုအောင်၊ ဓာတ်ပုံ - ရဲတပ်ဖွဲ့