DVB Logo
Home
မြန်မာသတင်း
သတင်းပေးအချို့က လွှတ်တော်ကိုယ်စားလှယ်တဦးကို အသက်အန္တရာယ်ခြိမ်းခြောက်
DVB
·
August 25, 2018
သတင်းပေးအချို့က လွှတ်တော်ကိုယ်စားလှယ်တဦးကို အသက်အန္တရာယ်ခြိမ်းခြောက်
Donate to DVB

သတင်းပေး ဆိုတဲ့ လူတစုရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်တာ ခံခဲ့ရတယ်လို့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

“ကျနော် မနေ့က ကနီမှာအိပ်တာ။ အဲဒါမှာ ရစက (ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ) က သစ်ခွဲသားတွေတင်လာတဲ့ လှေတစီး အရှေ့ဘက်ကမ်းကနေ စက်မမောင်းဘဲ စုန်သွားတယ်ဆိုပြီး ဖုန်းဆက်လာတယ်။ ကျနော့်ကိုလည်း လိုက်ခဲ့ဖို့ခေါ်တာနဲ့ လိုက်သွားတယ်။ သိပ်မကြာခင်မှာ ဝါးဖောင် တဖောင်တွေ့တယ်။ အဲဒီ ဝါးဖောင်ကို ရစက အဖွဲ့ဝင်တွေက ဆင်းပြီးကြည့်တယ်။ အင်သားနဲ့ ဘေးကာတွေတော့ တွေ့တယ်။ အဲဒီအချိန်မှာ စက်လှေတစီးရောက်လာတယ်။ ခင်ဗျားတို့ ကိစ္စပြီးပြီလားလို့ မေးတယ်။ ကျနော်တို့စက်လှေက တယောက်က ကိုထွန်းထွန်းဝင်းလည်း ပါတယ်ဆိုပြီး ပြောလိုက်တယ်။ အဲဒီအချိန်မှာ နောက်ရောက်လာတဲ့ စက်လှေက ဝါးဖောင်ကို ငွေ ၁ သိန်းတောင်းတယ်။ ဝါးဖောင်ကလည်း အထက်ဂိတ်မှာ ၃ သိန်းပေးခဲ့ရလို့ ၂ သောင်း၊ ၃ သောင်းနဲ့ပဲလုပ်ပါ။ ဖောင်ကိုလည်း သေချာစစ်ပါပြောတယ်။ ၁ သိန်းမရရင် ဖောင်ကို ကမ်းကပ်ဖို့ပြောတယ်။ ဒါနဲ့ကျနော်က ညီလေးတို့က ဘယ်ဌာနကလည်းမေးတော့ သစ်တောကပါတဲ့။ သစ်တောက ဘယ်သူလဲဆက်မေးတော့ တောခေါင်းရဲ့ အင်ဖော်မာပါဆိုပြီးပြောတယ်။ တောခေါင်းကကော ဘယ်သူလဲဆိုပြီးမေးတော့ တယ်လီဖုန်းခေါ်ပြီး စက်လှေနဲ့ထွက်သွားတော့တာ။ ခဏနေကြတော့ စက်လှေ ၂ စီးက ကျနော်တို့လှေကို လိုက်တာ။ ဘေးနှစ်ဖက်ကညှပ်ပြီးတော့။ လေးခွနဲ့ပစ်တယ်လို့လည်း ပြောတယ်။ ကျနော့်ကိုတော့ မမှန်ဘူး။ ကမ်းကပ်ခါနီးတော့ သူတို့က အရင်ဦးအောင်ကပ်ပြီး တုတ်၊ ဓားတွေနဲ့ ပြေးလာကြတာ။ ဒါနဲ့ ကျနော်တို့စက်လှေလည်း ကမ်းမကပ်ဘဲ ပြန်မောင်းရတာ။ အဲဒီအချိန်မှာ ရဲကိုဖုန်းဆက်တော့ မြို့နယ်မှူးရော၊၊ အုပ်ချုပ်ရေးမှူးရောရောက်လာပြီး ဖမ်းရတာ။”

မြို့နယ်သစ်တောကို ဆက်သွယ်မေးမြန်းတော့လည်း သစ်တော သတင်းပေးဟုတ်တယ်လို့ ပြောကြောင်းလည်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သစ်တော သတင်းပေးဆိုသူအပါအဝင် ၈ ယောက်ကိုတော့ ခံဝန်ထိုးကာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ပြောပါတယ်။

ဒီကိစ္စကို မြို့နယ် ရစကအဖွဲ့ကလည်း အစည်းအဝေးလုပ်ပြီး အမှုဖွင့်အရေးယူနိုင်အောင် လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ အရင်က အင်ဖော်မာဆိုသူတွေရဲ့ အခုလိုထိ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာမျိုးတွေ မကြုံတွေ့ရဖူးဘူးလို့လည်း ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ကတော့ ဒီကိစ္စက တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်တာဖြစ်တဲ့အပြင် တာဝန်ဝတ္တရားနှောင့်ယှက်တာ၊ ဝန်ထမ်းအယောင်ဆောင်တာ၊ အသက်အန္တရာယ် ရန်ပြုခံရတာ၊ ငွေတောင်းတာတွေနဲ့ပတ်သက်ပြီး လာမယ့် လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးမြန်းနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013