DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံအမျိုးသမီးအမှု ဆုံးဖြတ်ချက်ချမည့်နေ့ မိသားစုနှင့်တွေ့ခွင့်ပြုမည်ဟု TNLA ပြော
DVB
·
August 25, 2018
ဖမ်းဆီးခံအမျိုးသမီးအမှု ဆုံးဖြတ်ချက်ချမည့်နေ့ မိသားစုနှင့်တွေ့ခွင့်ပြုမည်ဟု TNLA ပြော
Donate to DVB

ဖမ်းဆီးထားတဲ့ အမျိုးသမီးကို ကောင်းစွာထိန်းသိမ်းထားပြီး အမှု ဆုံးဖြတ်ချက် ချတဲ့နေမှာ မိသားစုဝင်တွေကို ခေါ်ပြီး တွေ့ခွင့်ပြုမယ်လို့ တီအန်အယ်လ်အေ (TNLA) က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့မှာ ပြီးခဲ့တဲ့ အပတ်က တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့က ရှမ်းအမျိုးသမီးတဦးအား ဖမ်းဆီးခေါ်ဆောင်သွားရာမှာ  သီတင်းတစ်ပတ်ကြာသည်ထိ ပြန်မလွှတ်ပေးသေးပါဘူး။

တီအန်အယ်လ်အေ တပ်ဖွဲ့ဝင် ၅ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက် မနက်ပိုင်းက  နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်တဆိုင်ကို ၀င်ရောက်လာပြီး ဆိုင်ရှင်အမျိုးသမီး နန်းမိုဟွမ် (အသက် ၃၇ နှစ်) ကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တာ့အိုက်ကျော်က သူတို့တပ်ဖွဲ့အနေနဲ့ သူမကို နှိပ်စက်စစ်ဆေးမှုမရှိဘဲ ကောင်းစွာထိန်းသိမ်း ထားကြောင်း၊ ကျန်းမာရေးလုံခြုရေးကောင်းစွာရှိပြီး အမှုဆုံးဖြတ်တဲ့နေ့ကျရင် သက်ဆိုင်ရာ မိသားစုတွေပါ ခေါ်မယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

“နှိပ်စက်စစ်ဆေးတာမရှိပါဘူး၊ သူ့ရဲ့ကျန်းမာရေးနဲ့လုံခြုံရေးကလည်း ဘာမှစိုးရိမ်စရာ မရှိပါဘူး။ အမှုဆုံးဖြတ်တဲ့နေ့ကျရင် သူ့မိသားစုတွေကိုခေါ်ပြီး သူတို့ရှေ့မှာ ဆုံးဖြတ်မှာပါ။ အခုတော့ အောက်ခြေက ဆောင်ရွက်စရာတွေ လုပ်နေပါတယ်။ ဘာအမှုနဲ့ စွဲထားသလဲဆိုတာတော့ ဖမ်းထားတဲ့အဖွဲ့ပဲ သိလိမ့်မယ်၊  ကျနော်တို့လည်း အသေးစိတ်မသိဘူး။”

တီအန်အယ်လ်အေဘက်က ဘာအမှူနဲ့ စွဲချက်တင်သလဲဆိုတာ မပြောပေမယ့်  နန်းမိုဟွမ်ရဲ့ ခင်ပွန်းဖြစ်သူ စိုင်းစောဆွေကတော့ “ပြီးခဲ့တဲ့နှစ်က သူတို့ဆီအခွန်လာကောက်သွားတဲ့ တီအန်အယ်လ်အေ တပ်ဖွဲ့ဝင် ၂ ဦး အပြန်လမ်းမှာ မြန်မာ့တပ်မတော်နဲ့ တိုးမိပြီး သေနတ်မှန်က ၁ ဦးသေဆုံး ၁ ဦး အဖမ်းခံရတဲ့ကိစ္စမှာ သူ့မိန်းမက တပ်မတော်ကို သတင်းပေးလို့ စွပ်စွဲခံရတာနဲ့ ပတ်သက်နိုင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့မိသားစုက နိုင်ငံရေးလည်းမပတ်သက်၊ စစ်ရေးလည်းမပတ်သက်ပါဘူး။ ရိုးရိုး သားသားအရောင်းအ၀ယ်လုပ်တယ်၊  ဒုက္ခသည်တွေကို တတ်နိုင်သလောက်လှူဒါန်းထောက်ပံ့တယ်။ အခုလို အဖမ်းခံရတာတော့ ဘာကြောင့်ဆိုတာ သူတို့မပြောဘူး။ ကျနော်တို့အထင်ကတော့ မနှစ် ၀ါဝင်ချိန်တုန်းက သူတို့အခွန်လာကောက်တယ်၊  ကျနော်တို့လည်း အသာတကြည်ပဲ သတ်မှတ်ငွေ ကျပ် ၁၁ သိန်းပေးလိုက်ပါတယ်။ ပိုက်ဆံလာကောက်တဲ့ ပလောင်စစ်သား ၂ ယောက်အပြန်လမ်းမှာ တပ်မတော်နဲ့ တိုးမိပြီး အပစ်ခံရတာ ၁ ယောက်သေ၊ ၁ ယောက်အဖမ်းခံရတယ်။ အဲဒါ မင်းတို့သတင်းပေးတာ မဟုတ်လားဆိုပြီး အမေးခံရဖူးတယ်။ ကျနော်တို့ကမဟုတ်ရပါဘူးပေါ့၊ ပိုက်ဆံထက် လူ့အသက်က ပိုတန်ဖိုးရှိတယ်လေ၊ မပြောပါဘူး။ အစိုးရတပ်နဲ့ အဆက်သွယ်လဲမရှိဘူး၊ တိုင်လည်းမတိုင်တတ်ဘူး၊ အဲဒါအထင်လွဲပြီး ဖမ်းသွားတာလို့ ယူဆပါတယ်။”

တီအန်အယ်လ်အေက ကောင်းစွာထိန်းသိမ်းထားကြောင်းပြောပေမယ့် မိသားစုဝင်တွေ ကတော့ စိုးရိမ်ကြောက်ရွံ့ဆဲဖြစ်ပြီး အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်လို့ စိုင်းစောဆွေက ပြောသွားပါတယ်။

စိုင်းစောဆွေ နဲ့ နန်းမိုဟွမ်တို့မှာ သားသမီး ၃ ဦးရှိပြီး အကြီးဆုံးက ၁၅ နှစ်၊ အငယ်ဆုံးက ၆ နှစ်သမီးဖြစ်ပါတယ်။

နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် မိသားစုဝင်တွေက နမ့်ခမ်းရှိ နိုင်ငံရေး၊လူမှုရေးအ ဖွဲ့အစည်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီ အကူအညီတောင်းခံထားသလို နမ့်ခမ်းလူ ငယ်ကွန်ရက်အဖွဲ့နဲ့ တီအန်အယ်လ်အေမဟာမိတ် SSPP ရှမ်းပြည်တပ်မတော်တို့ကလည်း ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013