Homeမြန်မာသတင်း
လူငယ်များကြား မူးယစ်ဆေးဝါးလျော့ချရေး ဆီဆိုင်မြို့နယ်တွင် မီနီမာရသွန်ပွဲပြုလုပ်
လူငယ်များကြား မူးယစ်ဆေးဝါးလျော့ချရေး ဆီဆိုင်မြို့နယ်တွင် မီနီမာရသွန်ပွဲပြုလုပ်
DVB
·
August 25, 2018
လူငယ်တွေအကြား စိမ့်ဝင်ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဆီဆိုင်မြို့နယ်မှာ ကျောင်းအခြေပြု ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တခွင် မီနီမာရသွန်အပြေးပြိုင်ပွဲကို သြဂုတ် ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ဆီဆိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေ အဆမတန်များပြားနေပြီး ကျောင်းသားလူငယ်များကြား ပျံ့နှံ့လာနေတာကြောင့် လျှော့ချနိုင်ရေးအတွက် အခုလို လုပ်ဆောင်တာလို့ ဆီဆိုင်မြို့နယ် အောင်ချမ်း သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်က ပြောပါတယ်။
“ကျောင်းတွေမှာ ဆေးလိပ်ငွေ့ကင်းစင်အောင်၊ လူငယ်ကြားရောက်ရှိ နေတဲ့ မူးယစ်ဆေးဝါးတွေလျှော့ချနိုင်အောင်လို့ လူငယ်အတွက် အားကစားလုပ်ဆောင်တာ ဖြစ်ပါတယ်၊ လူငယ်တွေရဲ့ဝါသနာတွေ စိတ်ဝင်စားမှုတွေကို ပံ့ပိုးပေးနိုင်မယ်ဆိုရင် အတိုင်းအတာတခုထိ လျော့ချမှုလုပ်ဆောင်နိုင်ပါလိမ့်မယ်။”
မီနီမာရသွန်အပြေးပြိုင်ပွဲမှာ အထက်တန်းနဲ့ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဒေသခံပြည်သူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရပါတယ်။
ဆီဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က “အခုဟာက လူငယ်တွေ အလွယ်လိုက်တာပေါ့နော်။ ဘယ်လောက်ပဲ ထိန်းသိမ်းကွပ်ကဲမှုကောင်းကောင်း ယိုပေါက်တွေ၊ ထွက်ပေါက်တွေက ရှိနေပါတယ်။ ဖမ်းတဲ့သူလည်းဖမ်း ပညာပေးတာလည်းပေး၊ သို့သော် အရပ်ထဲလူငယ်တွေကြား ပျံ့နေတာပဲ။ စာသင်ကျောင်းတွေမှာတွေ မပြန့်သေးဘူး” လို့ပြောပါတယ်။
ဆီဆိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုမှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာခဲ့ကာ အောင်ချမ်းသာရပ်ကွက်အတွင်းမှာ ပြီးခဲ့တဲ့ခြောက်လပတ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူမှု ငါးကြိမ်အထိ ရှိခဲ့ပါတယ်။
ကျောင်းအခြေပြု မီနီမာရသွန်အပြေးပြိုင်ပွဲကို ကျောင်းသားကျောင်းသူ တွေယှဉ်ပြိုင်ဖို့အတွက် ၂ မိုင်မှ သုံးမိုင် အကွာအဝေးအတွင်း ကျင်းပခဲ့ပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲမှု၊ စိုက်ပျိုးမှု၊ ရောင်းဝယ်ဖောက်ကားမှုတွေ လျှော့ချနိုင်ဖို့အတွက် စာသင်ကျောင်းများတွင် အသိပညာ ဟောပြောပွဲတွေလည်း ကျယ်ပျံ့စွာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ခွန်ရာဇာ