DVB Logo
Home
မြန်မာသတင်း
ဥတ္တရသီရိမြို့စီမံကိန်းအတွက် ဆုံးရှုံးခဲ့သည့် မြေရှိင်များကို မြေကွက် ထပ်မံပေးအပ်
DVB
·
August 25, 2018
ဥတ္တရသီရိမြို့စီမံကိန်းအတွက် ဆုံးရှုံးခဲ့သည့် မြေရှိင်များကို မြေကွက် ထပ်မံပေးအပ်
Donate to DVB

နေပြည်တော်၊ ဥတ္တရသီရိမြို့ ဖော်ထုတ်ရာမှာ ဆုံးရှုံးနစ်နာမှုရှိခဲ့တဲ့ မြေပိုင်ရှင်တွေကို မြေကွက် တကွက်စီ ထပ်မံ ပေးအပ်ခဲ့ပါတယ်။

နေပြည်တော်၊ ဥတ္တရ သီရိမြို့ (စီမံကိန်း) ဖော်ထုတ်ရာမှာ လွတ်ကင်းမှုမရှိခဲ့တဲ့ သစ်ပင်တိုင်းကျေးရွာနဲ့ ဒိုးနွယ်ကျေးရွာတွေက အိမ်ထောင်စု ၁၀ စုကို မြေကွက်တကွက်စီ ထပ်မံပေးအပ်တဲ့အခမ်းအနားကို သြဂုဏ်လ ၂၄ ရက်နေ့က ဥတ္တရသီရိမြို့နယ် ထွေ/အုပ် ရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“အမိန့်ကြေညာချက်တွေအတိုင်း မဆောင်ရွက်ခဲ့တော့ အခုမှတ်တမ်းတွေ ပြန်စစ်ပြီးတော့ ကျန်နေတဲ့ အကွက်တွေကို အခုအစိုးရလက်ထက်မှာ ဖော်ထုတ်ပေးတာပါ။ တနည်းအားဖြင့် လယ်မြေနဲ့ အခြား မြေသိမ်းဆည်းမှုကြောင့် ပြည်သူတွေ နစ်နာမှုမရှိရေးအတွက် ဖြည့်စွက်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီက တာဝန်ခံပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီးတော့မှ ထောက်ပြချက်တွေကို စာရင်းဇယားနဲ့ ပြန်ကိုက်ပြီး ကျန်ရှိတဲ့သူတွေကို ချပေးတာဖြစ်ပါတယ်” လို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် (၂ ) ဦးမင်းသူက ပြောပါတယ်။

အဲ့ဒီ အိမ်ထောင်စုတွေရဲ့ မြေတွေကို စီမံကိန်းအတွက် သိမ်းဆည်းခဲ့စဉ်က ပြောင်းရွှေ့စရိတ်၊ နစ်နာကြေးတွေနဲ့ ပေ ၄၀ × ၆၀ မြေကွက်တစ်ကွက်စီ အစားထိုးပြန်လည် ပေးလျော်ခဲ့ကာ အခုထပ်မံပြီး ပေ ၄၀ × ၆၀ မြေတကွက်စီကို ဥတ္တရသီရိမြို့နယ်ထဲက ဇ၀န သိဒ္ဓိရပ်ကွက်မှာ ချထားပေးတာဖြစ်ပါတယ်။

နေပြည်တော် မြို့စီမံကိန်းအတွက် လွတ်ကင်းမြေတွေကို သိမ်းဆည်းရာမှာလည်း ကြေညာချက်/အမိန့်ကြေညာစာတွေ ထုတ်ပြန်ပြီးတော့ သိမ်းဆည်းခဲ့တာလို့ ဦးမင်းသူက ပြောပါတယ်။

ကြေညာချက်တွေ ထုတ်ပြန်ခဲ့စဉ်က မူလပိုင်ရှင်တွေ နစ်နာမှုမရှိရလေအောင် ဦးပိုင်ပေါက် လယ်မြေကို ၃ သိန်းခွဲ၊ ယာမြေကို ၂ သိန်းခွဲ၊ မည်သည့ မြေအမျိုးအစားကိုမဆို ၁ သိန်း လျော်ကြေးပေးရမယ်လို့ ပါရှိပြီးတော့ သိမ်းဆည်း သတ်မှတ်မြေအကျယ် ၇၂၀၀ စတုရန်းထက်ကျော်လွန်တဲ့ မြေပိုင်ရှင်တွေကို မြေကွက်တကွက် အပိုချထားပေးရမယ်ဆိုတဲ့ အချက်ပါဝင်တယ်လို့ သိရပါတယ်။

“အမိန့်ကြေညာချက်တွေက သေချာရှိတယ်။ စတုရန်းပေ ၇၂၀၀ ထက် အများကြီးကျယ်ပြီးတော့ နှစ်ဆ သုံးဆလောက် တချို့ဆို စတုရန်းပေ ၃၇၀၀၀ တောင်မှ။ ဒါမျိုးလည်းတကွက်ပဲ ပေးတယ်။ အဲဒါတွေကို ကျန်တဲ့ ဥစ္စာကို အခုမှ ပေးရတာလေ။ ဒီလောက်ပဲ ပြောဖို့ သင့်တော်တယ်။ စောစောက ပြောခဲ့သလို တောင်သူတွေတောင်းဆိုတဲ့ နေရာမှာ အခက်အခဲတွေ ရှိခဲ့တယ်။ တရားစွဲဆိုခံရတာတွေရှိတယ်။ ပေးထားတဲ့ အကွက်ပေါ်မှာနေတဲ့ အနေအထားမှာတောင် တရားဝင် အသိအမှတ်ပြုမခံရဘူး။ ဒါကြောင့် တရားဝင်ဖြစ်အောင် သေသေချာချာ ကျကျနန စိစစ်ပြီးတော့ အခုလို မြေပေးမိန့်တွေ ထုတ်ပေးခြင်းဖြစ်တယ်”လို့ ဦးမင်းသူက ပြောပါတယ်။

ဥတ္တရသီရိမြို့ကွက်သစ်ဖော်ထုတ်ရာမှာ ဟေဖရုံကျေးရွာ၊ သစ်ဝင်တိုင်၊ ဒိုးနွယ် စတဲ့ ကျေးရွာ မြေတွေဟာ လွတ်ကင်းမှုမရှိတာခဲ့တာကြောင့် ပြောင်းရွှေ့ပေးခဲ့ရတာဖြစ်ပါတယ်။

မြေကွက် ထပ်မံရရှိတဲ့ ဒိုးနွယ်ကျေးရွာနေ ဦးတင်ဝင်းက "အရင် သိမ်းဆည်းသွားကတည်းက ကျနော်တို့ ခြံက ကျယ်တယ်လေ။ ဒါပေမယ့် အများနည်းတူ ၄၀ ×၆၀ တစ်ကွက်ပဲရခဲ့တယ်။ ပေးမယ် ပေးမယ်ရမယ်နဲ့ မျှော်တော့ မျှော်ခဲ့ရတာပေါ့။ သိမ်းတုန်းကလည်း ကြားတယ်၊ ခြံကျယ်ရင် နှစ်ကွက်တို့ ဘာတို့ဆိုတာမျိုးကိုပေါ့။ အခုချိန်မှ ထပ်ပြီးရတော့ ဝမ်းသာပါတယ်။ ကျေနပ်ပါတယ်။ လုပ်ပေးတဲ့သူတွေကို ကျေးဇူးလည်း တင်ပါတယ်" လို့ ပြောပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ သိမ်းဆည်းမြေတွေအတွက် ကျပ်သန်းပေါင်း ၁၁၅၆ ကျော်ကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်က ပေးလျော်ခဲ့ပြီး ၂၀၁၈ - ၂၀၁၉ ခုနှစ် ပြင်ဆင်ထားတဲ့ ဘဂျတ်မှာ ကျပ်သန်း ၅၀၀ လျာထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013