DVB Logo
Home
မြန်မာသတင်း
အဝေးသင်ပညာရေး ထိရောက်သည့်စနစ်ဖြစ်ရေး ကြိုးစားနေဟု အတိုင်ပင်ခံပြော
DVB
·
August 25, 2018
အဝေးသင်ပညာရေး ထိရောက်သည့်စနစ်ဖြစ်ရေး ကြိုးစားနေဟု အတိုင်ပင်ခံပြော
Donate to DVB

အဝေးသင်ပညာရေးစနစ်ဟာ ထိရောက်တဲ့ ပညာပေးနိုင်တဲ့စနစ်မဖြစ်ခဲ့လို့ ပြောင်းလဲနိုင်အောင် ကြိုးစားနေသလို အဆင့်မြင့်ပညာရေးနဲ့ဆိုင်တဲ့ ဌာနတွေဟာ ကိုယ့်သဘော၊ ယုံကြည်ချက်နဲ့ လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်အောင် စဉ်စားထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂)(MICC-2) မှာ ကျင်းပတဲ့ ၂၀၁၈ ခုနှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှော ဖလှယ်ပွဲမှာ ပြောကြား ခဲ့တာပါ။

“အဝေးသင်ပညာရေးစနစ်နဲ့ပတ်သက်လို့ ရှင်းလင်းစရာတခုဖြစ်လာပါတယ်။ နှစ်ပေါင်းများစွာ ကျမတို့ နိုင်ငံရဲ့ အဝေးသင်ပညာရေးစနစ်ဆိုတာ အလွယ်တကူဘွဲ့ရရေးစနစ်ဖြစ်ခဲ့ပါတယ်။ အလွယ်တကူရတဲ့ ဘွဲ့ဆိုတာ ခက်ခက်ခဲခဲ ကြိုးစားပြီးရယူတဲ့ ဘွဲ့နဲ့တော့ မတူဘူးပေါ့။ သို့သော် အဝေးသင် ပညာရေး စနစ်ဟာ တကယ်ပဲ ထိထိရောက်ရောက် ပညာပေးနိုင်တဲ့စနစ်မဖြစ်ခဲ့ပါဘူး။ အခု အဝေးသင် ပညာရေးစနစ်ဟာလည်း သာမန်တက္ကသိုလ်တွေမှာလိုပဲ ထိထိရောက်ရောက် ပညာပေးနိုင်တဲ့ စနစ် တခုဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ အဲဒီလို ကြိုးစားဆောင်ရွက်တဲ့နေရာမှာ အားလုံးပူးပေါင်း ဆောင်ရွက်ဖို့လိုပါတယ်” လို့ ပြောပါတယ်။

တော်တော်များများက အဝေးသင်ပညာရေးစနစ်က ဘွဲ့ယူတာဖြစ်ပြီး ဒါကို အပြစ်ဆိုတာမဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားတွေရဲ့ ပညာကိုတန်ဖိုးထားတာကို ပြတာဖြစ်သလို ဘွဲ့တခုရတာဟာ ကိုယ့်ဘဝရဲ့ အဆင့်တခုကို ကျော်လွှားသွားနိုင်ပြီဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အခုလက်ရှိ နိုင်ငံရဲ့အခြေအနေက မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းမှာ ပညာကို အဆင့်မီမီ ပြည့်ပြည့်ဝဝ မသင်ခဲ့ရတဲ့ကလေးတွေကို တက္ကသိုလ် ရောက်တဲ့အခါ ဘယ်လို အဆင့်မီသွားအောင် လုပ်မလဲဆိုတာဟာ နိုင်ငံအတွက် အကြီးဆုံး စိန်ခေါ်မှု ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“နှစ်ပေါင်းများစွာ မူလတန်းကတည်းက ပညာရေးစနစ် အားနည်းတဲ့ အခါကျတော့ အဆင့်မြင့် ရောက်တော့မှ ကျမတို့ရဲ့လူငယ်တွေကို အဆင့်မြင်အောင် လုပ်ပေးဖို့ဆိုတာပိုပြီးတော့ ခက်ခဲပါတယ်။ အခုအဆင့်မြင့်ပညာအဆင့်မှာရောက်နေတဲ့ လူငယ်တော်တော် များများဟာ အားနည်းတဲ့ ပညာရေးစနစ်ရဲ့ သားကောင်တွေပဲလို့ တနည်းအားဖြင့် ပြောလို့ရပါတယ်။ ဒီလူငယ်တွေကို အရင်တုန်းက ရထားတဲ့အလေ့အကျင့်တွေကို ပြုပြင်ရမယ်၊ အခုခေတ်နဲ့ ကိုက်ညီတဲ့ မှန်ကန်တဲ့ ပညာရှာနည်းတွေကို သင်ပေးရမယ် ဆိုတာဟာ အဆင့်မြင့် ပညာမှာ တာဝန်ယူနေတဲ့ ဆရာ၊ ဆရာတွေအတွက် အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဆရာ၊ ဆရာမတွေ ကိုယ်တိုင်ကိုယ်က အားနည်းတဲ့ ပညာရေးစနစ်ကနေ ပေါက်ဖွားလာခဲ့ကြတာများပါတယ်။ ဒါပေမယ့် နောက်မကျသေးပါဘူး။ ကိုယ့်အရည်အချင်းတွေကို မြှင့်တင်နိုင်ခွင့်ဆိုတာ တချိန်လုံး ရှိနေပါတယ်” လို့ ဆိုပါတယ်။

အာရှတိုက် နိုင်ငံတော်တော်များများမှာ အသက်မွေးဝမ်းကျောင်းပညာကို တက္ကသိုလ်ပညာနဲ့စာရင် အဆင်နိမ့်တယ်၊ ဒုတိယတန်း ဆိုပြီးမြင်တာတွေ ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ ပိုပြီး တန်ဖိုးထားတာ၊ အလေးထားတာ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

“အဆင့်မြင့်ပညာရေးနဲ့ဆိုင်တဲ့ ဌာနတွေဟာ ပိုပြီးတော့ ကိုယ်ဟာကို လွတ်လွတ်လပ်လပ် ကိုယ်ရဲ့ သဘောအရ၊ ကိုယ်ရဲ့ယုံကြည်ချက်အရ ဆက်လက်ပြီး ဆောင်ရွက်သွားနိုင်ဖို့ စဉ်းစားထားတာ ရှိပါတယ်။ အဲဒီလို စဉ်းစားတဲ့နေရာမှာ တက္ကသိုလ်များနဲ့တန်းတူ အဆင့်မြင့်ပညာရေးစနစ်မှာ အသက်မွေးဝမ်းကျောင်းပညာကျောင်းတွေကို တန်ဖိုးထားစေချင်ပါတယ်။ အဆင့်မြင့်ပညာမှာ အရေးကြီးတာက သုတေသနပါပဲ။ သုတေသနလုပ်တယ်ဆိုတာ သုတေသနလုပ်ဖို့အတွက် အထောက်အကူပစ္စည်းတွေအများကြီးလိုတယ်ဆိုတာ ထူးထူး ထွေထွေပြောဖို့မလိုပါဘူး။ ဒီအချိန်မှာ ဒီကိစ္စမှာ ပုဂ္ဂလိကစီးပွားရေးပိုင်းကလည်း ပါဝင် ပတ်သက်နိုင်တယ်ဆိုတာ သတိပေးချင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာဆိုရင် သုတေသနနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ပံ့ပိုးတာတွေ အများကြီး ရှိပါတယ်။ ဒီလိုပဲပံ့ပိုးမှုတွေ ရအောင်လုပ်ရမယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကဘက်ကလည်း အသက်မွေးဝမ်းကျောင်းပညာကျောင်းတွေကို ပိုပြီးတော့ အားပေး တည်ထောင်တာဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013