
ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီး ဆန္ဒအလျောက် နေရပ်ပြန်လာလိုတဲ့ မြန်မာဒုက္ခသည်တွေကို အခုနှစ် လာမယ့် အောက်တိုဘာလမှာ တတိယအသုတ်အဖြစ် ပြန်လည်လက်ခံဖို့ ရှိနေတယ်လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ထိုင်းနိုင်ငံကနေ ဆန္ဒအလျောက် နေရပ်ပြန်လာချင်တဲ့ မြန်မာနိုင်ငံသားတွေကို ပြည်လည်လက်ခံဖို့ကိစ္စနဲ့ မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ အစည်းအဝေးကို ဒီကနေ့ သြဂုတ် ၂၄ ရက် မနက်က နေပြည်တော်မှာ ကျင်းပပါတယ်။
အစည်းအဝေးမှာ ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားတွေကို ပြန်လည်စိစစ် လက်ခံရာမှာ နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်သွားဖို့နဲ့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေဖို့ ရှေ့ဆက် ပူးပေါင်းလုပ်ဆောင်သွားမယ့် ကိစ္စတွေ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။
ဒါ့အပြင် နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံသားစိစစ်ဖို့နဲ့ ထိုင်းနိုင်ငံရှိ စခန်းတွေမှာ လူမှုရေးရာ စီမံခန့်ခွဲရေးအဖွဲ့ရဲ့ ဆောင်ရွက်ထားရှိမှုနဲ့ ဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားတွေကို တတိယအသုတ်အဖြစ် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှာ ပြန်လည်လက်ခံရာမှာ မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် အစီအမံတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအစည်းအဝေးကို မြန်မာ-ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်တွေ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ၊ ကရင်နဲ့ ကယားပြည်နယ် အစိုးရအဖွဲ့ရုံးတို့က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းကနေ ဒုက္ခသည် အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၆၅ ဦးတို့ မြန်မာနိုင်ငံဘက်ကို အစိုးရရဲ့ အစီအစဉ်နဲ့ ၂၀၁၆ အောက်တိုဘာမှာ ပထမဆုံးအကြိမ် တရားဝင် ပြန်လည်ဝင်ရောက်ပါတယ်။
၂၀၁၈ မေလမှာတော့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၅ ခုမှာ နေထိုင်တဲ့ အိမ်ထောင်စု ၂၈ စု၊ လူဦးရေ ၉၃ ဦးတို့ နှစ်နိုင်ငံအစိုးရရဲ့ သဘောတူညီချက်နဲ့ မြန်မာနိုင်ငံတွင်းကို ဒုတိယအသုတ် ပြန်လည်ဝင်ရောက်လာပါတယ်။











