DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ရေနံချက်စက်ရုံဇုန် တည်ထောင်ခွင့်ပြုမည်
DVB
·
August 24, 2018
မကွေးတိုင်းတွင် ရေနံချက်စက်ရုံဇုန် တည်ထောင်ခွင့်ပြုမည်
Donate to DVB

မကွေးတိုင်းဒေသကြီးအတွင်းမှာ ရေနံချက်စက်ရုံဇုန်တခု တရားဝင် တည်ထောင်ခွင့်ပေးသွားတော့မယ်လို့  တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။

လတ်ရှိအချိန်ထိ မကွေးတိုင်းထဲမှာ တရားဝင်ခွင့်ပြုထားတဲ့ ရေနံချက်ဖို မရှိသေးဘဲ  သြဂုတ် ၁၇၊ ၁၈၊ ၁၉ ရက်နေ့တွေက ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းက တရားမဝင် ရေနံချက်ဖိုတွေကို ရဲအင်အားသုံး ဖမ်းဆီးခဲ့ပါတယ်။

အဲဒီအဖြစ်တွေအပြီးမှာတော့ မကွေးတိုင်းအစိုးရအနေနဲ့ ရေနံချက်စက်ရုံတွေ တည်ဆောက်ခွင့် ပြုတော့မယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးမြင့်ဇော်က ပြောပါတယ်။

“ပြည်ထောင်စုကနေပြီး မကွေးတိုင်းမှာလည်း ချက်ဖိုတွေလုပ်ဖို့ ခွင့်ပြုနိုင်တယ်လို့ အကြောင်းကြားလာပါတယ်။ ချက်ဖိုအဆင့်တော့ မလုပ်ပါနဲ့ တကယ့်မော်တော်ကားတွေ၊ ဆိုင်ကယ်တွေ သုံးလို့ရအောင် အဆင့်မြင့်ဆီရအောင် ရေနံချက်စက်ရုံအသေးစားလေးတွေ ခွင့်ပြုရအောင်ပါလို့ ပြည်ထောင်စုနဲ့ ညှိနှိုင်းပြီးတော့ ကျနော်တို့ ရေနံချက်စက်ရုံတွေ ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခုကျနော်တို့ မန်းသံပုရာကန်တို့၊ ချောက်ရေနံချက်စက်ရုံတို့၊ သန်လျှင်ရေနံချက်စက်ရုံတို့က ထွက်တဲ့ဆီလို အရည်အသွေးကောင်းရတဲ့ စက်ရုံ အသေးစားအလတ်စားတွေ ခွင့်ပြုဖို့ ဆုံးဖြတ်ထားပါတယ်။”

ရေနံချက်စက်ရုံတွေကို တရားဝင်ခွင့်ပြုပေးရာမှာ ဇုန်တခုလို စုစည်းနေတဲ့ အနေအထားနဲ့ ပေးမှာဖြစ်သလို ဒီရေနံချက်စက်ရုံဇုန်ကိုတော့ ပခုက္ကူမြို့နယ်အတွင်းမှာ ခွင့်ပြုသွားမှာပါ။

ဒီတရားဝင် ရေနံချက်စက်ရုံကနေ ထွက်လာတဲ့ ဆီအရည်အသွေးက ဘယ်လိုရှိမလဲ၊  တနေ့ကို ဘယ်လောက်အထိ ချက်ထုတ်နိုင်တဲ့ စက်ရုံတွေကို ခွင့်ပြုမလဲဆိုတာကိုတော့ ဦးမြင့်ဇော်က ခုလိုပြောပါတယ်။

“အရည်အသွေးအားဖြင့်ကတော့ ကျနော်တို့ အနိမ့်ဆုံးရည်ရွယ်ချက်က မန်းသံပုရာကန်စက်ရုံက ထွက်တဲ့ ဓာတ်ဆီ ဒီဇယ်အဆင့်ကိုမီရမယ်။ တစ်ရက်ကိုဂါလန် သုံးထောင်ကနေ သုံးသောင်းအထိ ချက်နိုင်တဲ့ စက်ရုံတွေကိုခွင့်ပြုဖို့ ကျနော်တို့ ပြည်ထောင်စုစွမ်းအင်ဝန်ကြီးဌာနနဲ့ ရေနံဓာတုဗေဒလုပ်ငန်း ညွှန်ကြားရေးမှူးချုပ်၊  ရေနံဓာတုဗေဒ ရေနံချက်ကျွမ်းကျင်ပညာရှင်တွေနဲ့ ကျနော်တို့ ညှိနှိုင်းထားရှိပါတယ်။”

ခုလိုခွင့်ပြုပေးရာမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဒီရေနံချက်ဇုန်ရောက်အောင် လိုအပ်တဲ့ လျှပ်စစ်မီး၊ ရေ စတာတွေနဲ့ မြေနေရာအဆင်ပြေဖို့ ကူညီမှာပါ။ ဒီလုပ်ငန်းအတွက် တင်ဒါတွေကို အခုရက်ပိုင်းအတွင်းမှာပဲ နိုင်ငံပိုင်သတင်းစာတွေကနေ ကြေညာပေးသွားမယ်လို့ သိရပါတယ်။  

သတင်း - မြင့်နိုင်

ဓာတ်ပုံ - Damir Sagolj / Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013