
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ နေရာတွေကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၈ ရက် မနက် ၈ နာရီကျော်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစီးဟာ ငါးဆူကုန်းကျေးရွာအနီးက တောတဲတွေနဲ့ မူးသုံးဂွ ဘုရား ၅ ဆူအနီးက စစ်ရှောင်တဲတွေကို ဗုံး ၂ လုံး ကြဲချခဲ့ပါတယ်။
ဒါ့အပြင် ရွှေဘိုမြို့အခြေစိုက် ခလရ ၄၂ တပ်ရင်းကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်ခဲ့သလို အမှတ် ၈ လေ့ကျင့်ရေးတပ်ကလည်း ဒရုန်းတွေအသုံးပြုပြီး ဗုံးသီးတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စုစုပေါင်း ဗုံး ၈ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဧပြီ ၉ ရက် ညနေပိုင်းမှာလည်း ကျည်ပွေ့ကုန်းကျေးရွာ မြောက်ဘက်က စစ်ရှောင်ဈေးဆိုင်တန်းတွေနဲ့ နေအိမ်တွေကို စစ်ကောင်စီရဲ့ မင်းကုန်းအထိုင်စခန်းကနေ ဒရုန်းနဲ့ ဗုံး ၅ လုံး ကြဲချခဲ့ပါတယ်။
အဲဒီနေ့ ညနေ ၆ နာရီခွဲမှာတော့ မုံရွာ နမခတပ်က တက်လာတဲ့ ဒရုန်းတစီးက တက်တူကျေးရွာ ဘုန်းကြီးကျောင်းအနီးကို ဗုံးတလုံး ထပ်မံကြဲချခဲ့တာကြောင့် နှစ်ရက်အတွင်း ဗုံးအလုံးရေ ၁၄ လုံးအထိ အသုံးပြု တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် တက်တူကျေးရွာက အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတယောက်နဲ့ ရွှေဘို-ဆိပ်ခွန် လမ်းဘေးက ခရီးသွား အမျိုးသားတယောက်၊ အမျိုးသမီးတယောက်တို့ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသခံတယောက်က “ဘယ်တိုက်ပွဲမှမရှိဘဲ စစ်ရှောင်တွေနေတဲ့ တောတဲတွေနဲ့ လမ်းဘေးက တဲတွေကို ရည်ရွယ်ချက်ရှိရှိ လာကြဲတာပါ။ နေရာအနှံ့ ကြဲတာဆိုတော့ အခုသိရတဲ့ လူ ၃ ဦး ဒဏ်ရာရတာအပြင် တခြားနေရာတွေမှာလည်း ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။
ရွှေဘိုမြို့နယ်အတွင်းမှာ ဧပြီလဆန်းပိုင်းကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နဲ့ ၆ ရက်နေ့တွေမှာ ဆင်အင်းကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်ကလေးငယ်တွေကို စာသင်ပေးနေတဲ့ သက်တော် ၃၈ နှစ်အရွယ် ဦးပဥ္ဇင်း ဦးပုညနဲ့ အသက် ၆၀ နဲ့ ၇၀ အရွယ် စစ်ရှောင်အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာလည်း ကလေးငယ် ၂ ယောက် အပါအဝင် လူ ၈ ယောက် ဒဏ်ရာရရှိခဲ့သလို စာသင်ကျောင်းဆောင်နဲ့ ဘုရားစေတီတွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။










