
ဗြိတိန်နိုင်ငံရဲ့ တော်ဝင်ရေတပ်ဟာ ပင်လယ်ပြင်က စစ်သင်္ဘောတစင်းပေါ်ကနေ တိုက်ခိုက်ရေး စွမ်းရည်ရှိတဲ့ ဒရုန်းတစင်းကို လွှတ်တင်ပြီး စမ်းသပ်နေတာကို ပြထားတဲ့ ဗီဒီယိုဖိုင်ကို ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၃ ရက်က ထုတ်ပြန်လိုက်ပါတယ်။
ဒီစမ်းသပ်မှုဟာ ပေါ်ပေါက်လာတဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် ဒရုန်းနဲ့ စစ်သင်္ဘောတွေ ပေါင်းစပ်ထားတဲ့ ဟိုက်ဘရစ် ရေတပ်အင်အားစုဖြစ်လာစေမဲ့ သိသာထင်ရှားတဲ့ ခြေလှမ်းတလှမ်း ဖြစ်တယ်လို့ တော်ဝင်ရေတပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကေယာ စတာမာကလည်း အနာဂတ်စစ်ပွဲတွေအတွက် ပြင်ဆင်ဖို့နဲ့ သူ့ရဲ့ သမိုင်း မှတ်တိုင် တခု ဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး ကာလရှည်ကြာ ကြန့်ကြာနေခဲ့တဲ့ ဗြိတိန်ရဲ့ အားလျော့ နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ခေတ်မီအောင်လုပ်မဲ့ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အတွက် နောက်ထပ် စတာလင်ပေါင် ၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ) ထပ်မံသုံးစွဲသွားမယ်လို့ ဇွန် ၂၉ ရက်က ကတိပြုခဲ့ပါတယ်။
အထူးသဖြင့် ရုရှားဟာ ၂၀၃၀ ပြည့်နှစ်လောက်မှာ နေတိုးအဖွဲ့ဝင်နိုင်ငံတခုခုကို တိုက်ခိုက်လာ နိုင်တယ်လို့ စစ်ဘက်တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
ဒါကြောင့် ဗြိတိန်ကို စစ်အဆင်သင့်ဖြစ်နေစေဖို့ ပြင်ဆင်တဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ဒရုန်း တွေနဲ့ အလိုအလျောက်မောင်းနှင်တဲ့ လက်နက်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ပေါင် ၅ ဘီလီယံ သုံးစွဲ သွားမယ်၊ ပေါင်းစပ်ရေတပ် (hybrid navy) တခု တည်ဆောက်မယ်၊ ပြီးတော့ ကြည်းတပ်ကိုလည်း ပိုမိုထိရောက် ထက်မြက်အောင် လုပ်သွားမယ်လို့ စတာမာက ပြောပါတယ်။
Source:Reuters










