DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်ကို ပြန်ထိန်းချုပ်ရန် စစ်အာဏာရှင်က အင်အား ၆,၀၀၀ ထက်မနည်း အသုံးပြုနေ
DVB
·
May 23, 2026
ဧပြီ ၂၅ ရက်က ဖလမ်းမြို့ကို ပြန်ထိန်းချုပ်ခဲ့စဉ် (Photo : စစ်အာဏာရှင်တပ်ဖွဲ့)
ဧပြီ ၂၅ ရက်က ဖလမ်းမြို့ကို ပြန်ထိန်းချုပ်ခဲ့စဉ် (Photo : စစ်အာဏာရှင်တပ်ဖွဲ့)
Donate to DVB

ချင်းပြည်နယ်တခုလုံးကို ပြန်ထိန်းချုပ်ဖို့ စစ်အာဏာရှင်က အင်အား ၆,၀၀၀ ထက်မနည်း အသုံးပြုနေတယ်လို့ ချင်းအမျိုးသားတပ်ဦးတာဝန်ရှိသူက ပြောပါတယ်။ 

ချင်းပြည်မြောက်ပိုင်း ဟားခါးဗျူဟာကို ပြန်ထိန်းဖို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကနေတဆင့် အင်အား ၃,၀၀၀ ဝန်းကျင် စေလွှတ်ထားပြီး ချင်းပြည်တောင်ပိုင်း၊ မတူပီဗျူဟာဘက်ကို မကွေးတိုင်း၊ ယောနယ်ကနေတဆင့် စစ်အာဏာရှင်တပ်သား အများအပြား ဝင်ရောက်နေတာပါ။ 

လက်ကျန်တပ်သားတွေနဲ့ပေါင်းရင် လတ်တလော ချင်းပြည်နယ်တွင်း စစ်ရေးလှုပ်ရှားမှုတွေအတွက် စစ်အာဏာရှင်က အင်အား ၆,၀၀၀  ထက်မနည်း အသုံးပြုနေပြီး လိုအပ်တဲ့ လက်နက်နဲ့ရိက္ခာကို စစ်အာဏာရှင်က ကုန်ကျစရိတ် အများအပြားအသုံးပြုပြီး လေကြောင်းကနေ ထောက်ပို့နေတာလို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ 

“ချင်းပြည်မြောက်ပိုင်း ကလေးကနေ တက်လာတာဆိုရင်တော့ ခန့်မှန်းရတာက ၃,၀၀၀ ကျော် ခန့်မှန်းတယ်။ ချင်းပြည်တောင်ပိုင်း မကွေးတိုင်းကနေ ဝင်လာတာတွေနဲ့ ပေါင်းလိုက်ရင်တော့ အခံရှိတဲ့ဟာတွေနဲ့ဆိုရင် ၆,၀၀၀ လောက်တော့ ဖြစ်မယ်ထင်တယ်။ နိုင်ငံရေးဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးအကြောင်းပြပြီးတော့ ခေါ်တယ်၊ ရက်ပေါင်း ၁၀၀ အတွင်းဆိုတဲ့ဟာရှိတယ်။ သူတို့ လုပ်ရိုးလုပ်စဉ်အတိုင်း သူတို့မူဘောင်တွေအောက်မှာ အဲ့ဒီလုပ်ငန်းစဉ်တွေ သွားနိုင်ဖို့ ဆိုပြီးတော့ ကျနော်တို့ကို အင်အားဖြိုပြီးတော့မှ ကျနော်တို့လက်ပန်းကျမှ သူတို့ရဲ့ အောက်ထဲကို ဝင်ဖို့ဆိုတဲ့ စဉ်းစားချက်အနေနဲ့မြင်တယ်။ ပြည်သူနဲ့ကျနော်တို့ ချိတ်ဆက်နိုင်ဖို့၊ ပံ့ပိုးမှု မရနိုင်ဖို့ဆိုပြီးတော့ ဗျူဟာကို သူတို့က လုပ်တာဖြစ်တယ်။ သူ့ရဲ့လုပ်တဲ့ စစ်ဗျူဟာပုံစံက အရင်ကနဲ့ မတူဘူး၊ တနေရာတည်းမှာ အကြီးအကျယ် လေကြောင်းရော၊ ကြည်းကြောင်းရော၊ ရေကြောင်းရော အလုံးစုံ ပျက်သုန်းရေး အဲ့ဒီမူအောက်ကနေ သွားနေတာလို့ပဲမြင်တယ်။ အဲ့ဒီဗျူဟာကို ကျနော်တို့ ဘယ်လိုပြန်တုံ့ပြန်နိုင်မလဲဆိုတဲ့ဟာက ကျနော်တို့မှာလည်း မဟာဗျူဟာ ရှိပါတယ်ပေါ့နော်။ စစ်ရေး နဲ့နိုင်ငံရေးကို ရောပြီးတော့ သူက အဲ့ဒီလိုတပါတည်းလုပ်လာတယ်။”

၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီက သာလွန်အင်အားနဲ့ ဖိအားပေးတိုက်ခိုက်ခဲ့တာကြောင့် ၂၀၂၆ ခု ဧပြီ ၂၅ ရက်မှာ ချင်းပြည်မြောက်ပိုင်းက ဖလမ်းမြို့နဲ့ မေ ၂၀ ရက်နေ့မှာ တွန်းဇံမြို့တို့ကို ဒေသကာကွယ်ရေးအဖွဲ့တွေက ပြန်လက်လွှတ်ခဲ့ရပါတယ်။

ချင်းပြည်တောင်ပိုင်း၊ မတူပီဗျူဟာကိုလည်း စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးဖို့ ကြိုးစား နေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။ 

ချင်းပြည်တောင်ပိုင်းစစ်ရေးအခြေအနေတွေကို လတ်တလောမှာ ထုတ်ပြောဖို့ အဆင်မပြေသေး ပေမဲ့ မကြာခင်မှာ အများပြည်သူသိရှိအောင် သတင်းထုတ်ပြန်ပေးသွားမယ်လို့ ချင်းညီနောင် (CB) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲမတိုင်ခင်ကစပြီး မြန်မာပြည် အလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ မကွေး ဒေသတွင်းက တော်လှန်ရေးအစုအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်အာဏာရှင်က ဆက်တိုက်ပြန်သိမ်းယူခဲ့ပြီး စစ်ကိုင်း-မကွေးနဲ့ ဆက်စပ်နေတဲ့ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေအထိ စစ်ကောင်စီက စစ်ဦးတည်နေတာပါ။ 

ပြန်ထိန်းချုပ်နိုင်တဲ့ဒေသတွေမှာ ဗျူဟာတကျ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်နိုင်ဖို့ ကြိုးစား နေသလို ဒေသကာကွယ်ရေးအဖွဲ့တွေ ပြန်တိုက်ခိုက်လို့မရအောင် စစ်အာဏာရှင်က နည်းလမ်းစုံ အသုံးပြုနေပါတယ်။

ငါန်းဇွန်မြို့နယ် ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တယောက်က “အခု သူတို့နေထိုင်နေတဲ့ ရွာတွေ ကြားမှာလည်း ပြည်သူတွေကို ကင်းစောင့်ခိုင်းတယ်၊ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ကတော့ သူတို့ကိုလုပ်ချင်တယ်၊ လုပ်ချင်သော်ငြားလည်း သူတို့က ပြည်သူတွေကို လူသားဒိုင်းသဘောမျိုးနဲ့ ကင်းထိုးထားတော့ ဘာမှလုပ်လို့မရဘူး ဖြစ်နေတယ် လုပ်ငန်း လုပ်ဖို့ကြတော့လေ။ လက်ရှိ သူတို့ရွာတွေမှာ ထိုင်နေတဲ့ ပြည်သူတွေကလည်း လှမ်းပြီးတော့ တောင်းဆိုတာပေါ့၊ မလုပ်ပါနဲ့ပေါ့ အဲ့ဒါပြည်သူတွေကို သူတို့က တဖက်လှည့်အနေနဲ့ ကင်းစောင့်ခိုင်းထားတာပါပေါ့။ သူတို့ဂိတ်တွေ ကင်းတွေမှာသွားပစ်မယ်ဆိုရင် ပြည်သူတွေပဲ သေမှာပေါ့။ သူတို့က တကယ်တမ်း တယောက်မှမပါဘူးပေါ့၊ သူတို့က ရွာထဲမှာပဲနေပြီး ပြည်သူတွေကို ရွာအပြင်မှာ ကင်းထွက်စောင့်ခိုင်းတာတဲ့” လို့ ပြောပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းအထိ ချင်းပြည်နယ်စစ်ရေးဒေသတွေရဲ့ ၉၀ ရာခိုင်နှုန်းအထိ ဒေသကာကွယ်ရေးအဖွဲ့တွေက ထိန်းထားနိုင်ခဲ့တာပါ။ 

လက်ရှိအခြေအနေမှာတော့ ချင်းပြည်နယ် မြို့နယ် ၉ ခုမှာ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝတို့ကို ချင်းပူးပေါင်းတပ်တွေနဲ့ ULA/AA တို့က ထိန်းချုပ်ထားပြီး ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့ပေါ်နေရာတွေကို စစ်အာဏာရှင်က ပြန်ထိန်းချုပ်ထားတာပါ 

ချင်းပြည်မြောက်ပိုင်းက ဟားခါး-ဖလမ်း-တီးတိန်-တွန်းဇံ-ကျီးခါး လမ်းနဲ့ ကလေး-သိုင်းငင်း- ဖလမ်း-ဟားခါး လမ်းပိုင်းတွေကို ပြန်ထိန်းချုပ်ဖို့ စစ်အာဏာရှင်က ကြိုးစားနေပြီး ချင်းပြည်တောင်ပိုင်း လောင်းရှည်-ဆော-ကျောက်ထုလမ်းပိုင်းကိုလည်း စိုးမိုးနိုင်ဖို့ ပစ်မှတ်ထား နေပါတယ်။ 

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013