DVB Logo
Home
မြန်မာသတင်း
အယုဒ္ဓယတွင် စိတ်ကြွဆေးပြား ၁၅ သန်းခန့်ဖမ်းမိ၊ ထိုင်းရဲစွပ်စွဲချက် ၀တပ်ဖွဲ့ငြင်းဆို
DVB
·
August 23, 2018
အယုဒ္ဓယတွင် စိတ်ကြွဆေးပြား ၁၅ သန်းခန့်ဖမ်းမိ၊ ထိုင်းရဲစွပ်စွဲချက် ၀တပ်ဖွဲ့ငြင်းဆို
Donate to DVB

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဘန်ဖအင်မြို့နယ်ရှိ အာရှလမ်းမကြီးပေါ်မှာ သြဂုတ် ၁၈  ရက်က ဘတ်သန်းပေါင်း ၄၀၀၀ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅ သန်းနီးပါး ဖမ်းမိခဲ့ပြီး အဲဒီမူးယစ်ဆေးတွေဟာ မြန်မာပြည် မြောက်ပိုင်း ‘၀’ အဖွဲ့ဘက်က ထုတ်လုပ်တာလို့ ထိုင်း မူးယစ်ရဲ တပ်ဖွဲ့က ပြောပါတယ်။

အဆိုပါ မူးယစ်ဆေးတွေကို ထိုင်းမြောက်ပိုင်းသား သုံးဦးက ထိုင်း အကောက်ခွန် ဦးစီးဌာန တံဆိပ်အတု တပ်ထားတဲ့ ကွန်တိန်နာတွဲကားကြီးတစီးပေါ် တင်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့တာပါ။

အဆိုပါ စိတ်ကြွဆေးတွေမှာ ဒဗလျူဝိုင်အမှတ်တံဆိပ်ပါ လိမ္မော်ရောင်ရှိပြီး မူးယစ်ဆေး သယ်ဆောင်လာရာလမ်းကြောင်းကို ကြည့်ရင် ‘၀’ အဖွဲ့ဆီက လာတာဖြစ်တယ်လို့ ထိုင်း အမျိုးသား မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲမှူးချုပ်ဆုမ်မိုင်ကောင်ဝိ ဆိုင်ဆုခ်က သြဂုတ် ၂၂ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

မူးယစ်ဆေးဝါးတွေ ကွန်တိန်နာကားနဲ့ သယ်ဆောင်မှုရှိကြောင်း ကြိုတင်သတင်းရလို့ ရဲတွေက နယ်စပ်ဘက်သွားလာနေတဲ့ ကားတွေစောင့်ကြည့်ခဲ့ကြောင်း၊ အဆိုပါ ကွန်တိန်နာ ကားဟာ အယုဒ္ဒယခရိုင် ဘန်ပအင်ကနေ ချင်းရိုင်ခရိုင် ထိန်းမြို့နယ်ကို  ခေါက်တုံ့ခေါက်ပြန် သွားလာနေတာဖြစ်ပြီး ခရိုင် ၂ခုလုံးမှာရှိတဲ့ ဂိုဒေါင် ၂လုံးမှာ ငှားရမ်းသူတဦးတည်းသာ ဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် ဌာနဆိုင်ရာအမှတ်တံဆိပ်ပါတဲ့ကားဆိုရင် မစစ်ဆေးတဲ့ အတွက် အခုလို အကောက်ခွန်ဌာနတံဆိပ်အသုံးပြုခဲ့ကြောင်း၊ ရဲဘက်ကတော့ အဲဒီကား ကို မသင်္ကာလို့  နောက်ယောင်ခံလိုက်ပြီး စစ်ဆေးဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

‘၀’ မြောက်ပိုင်းဒေသက မူးယစ်ဆေးဝါးတွေဟာ ချင်းရိုင်းခရိုင်၊ ၀ိန်းကဲန်မြို့နယ်ကို ဖြတ်ကျော်ပြီး တောင်ပိုင်းဒေသဘက်ကို သယ်ဆောင်လာကြောင်း၊ အဲဒီကနေ ချင်းရိုင်းခရိုင် ထိန်းမြို့နယ်၊ အဲဒီနောက် ဖယောဝ်းခရိုင်၊ ဥဒရာဒစ်ခရိုင်၊ ဗိဿနုလုတ်ခရိုင်၊ အယုဒ္ဓယခရိုင် စသဖြင့် လှည့်ပတ်သယ်ဆောင်နေတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဥဒရာဒစ်ခရိုင်မှာ သြဂုတ် ၂၁ ရက်က ဖမ်းမိခဲ့တဲ့ စိတ်ကြွဆေးပြား ၁၅ သိန်းဟာလည်း ချင်းရိုင်းခရိုင် ၀ိန်းကဲန်က လာတာဖြစ်တယ်  ခုလအတွင်း ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေး ပမာဏဟာ အလွန်များပြားပြီး ထိုင်းနိုင်ငံရှိ မူးယစ်ကုန်သယ်တွေအနေနဲ့ မှာယူဖို့ အဲဒီလောက် အင်အားရှိမယ်မထင်ဘဲ ထိုင်းတောင်ပိုင်း နယ်စပ်ကနေတဆင့် သြစတြေးလျ၊ စင်ကာပူ၊ ထိုင်ဝမ်၊ ဂျပန်၊ အမေရိကန်နဲ့ ဥရောပတိုင်းပြည်တွေဆီ ဆက်လက်ဖြန့်ဖြူးသွားဖို့  ဖြစ်နိုင်ကြောင်း ရဲမှူးချုပ်ဆုမ်မိုင်က သုံးသပ်ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မူးယစ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဘန့်လွန်းဆိုသူ ထိုင်းအမျိုးသားဟာ  ‘၀’ ဒေသဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး မျက်နှာကို ခွဲစိတ်ပြုပြင် အသွင်ပြောင်းထားကာ လောလောဆယ် လာအိုနိုင်ငံမှာ ခိုလှုံနေကြောင်း ၊ ၄င်းရဲ့ ဇနီးဖြစ်သူမှာ မကြာခဏ လာအိုနိုင်ငံသို့ သွားရောက်ပြီး ခင်ပွန်းဖြစ်သူနဲ့ တွေ့ဆုံခဲ့တယ်လို့  မူးယစ်ရဲမှူးက သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

ထိုင်းမှာဖမ်းမိတဲ့ စိတ်ကြွဆေးတွေဟာ ‘၀’ ဒေသဘက်ကဖြစ်ကြောင်း စွပ်စွဲ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး UWSA ‘၀’ တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကတော့  မဟုတ်မှန်တဲ့ အကြောင်း ငြင်းဆိုပါတယ်။

“ဒီကိစ္စက ယိုးဒယားကတော့  စွပ်စွဲနေတာလည်း ကြာလာခဲ့ပြီ။ ဖမ်းမိတာနဲ့ အားလုံးကလဲ ၀လို့ပဲ ဒီအတိုင်းပဲ လွှဲချနေကျ။ ဒီကိစ္စ ကျနော်တို့ကတော့ မျက်စိစုံမှိတ်ပြီးမှ ငြင်းနေတာမဟုတ်ဘူး။ တကယ်လို့ သက်သေအထောက်အထား ကျနော်တို့ကို ပြနိုင်တယ်ဆိုရင် ကျေးဇူးတင်ဦးမယ်။  ပြင်းထန်တဲ့ အရေးယူမှုတွေ ကျနော်တို့ လုပ်ဖို့ အဆင်သင့်ဘဲ”လို့ ဦးညီရမ်းက ဒီဗွီဘီကို ပြောပါတယ်။

စိတ်ကြွမူးယစ်ဆေးဝါးတွေ ထုတ်လုပ်မှုဟာ အိမ်တွင်းမှုလုပ်ငန်းလို ဖြစ်နေတဲ့အတွက် စိုးရိမ်စရာဖြစ်နေပြီလို့လည်း ဦးညီရမ်းက ပြောပါတယ်။

“ယိုးဒယားကတော့ ၉၉၉ တံဆိပ်၊ ဒဗလျူဝိုင်တံဆိပ်တွေ့တာနဲ့ ဒါက ‘၀’ကပဲလို့ပြောတယ်။ အခုခေတ်မှာ ကျနော်တို့ ကြားသိရသလောက်ကတော့ ဒီတံဆိပ်တွေက ကြိုက်တဲ့ တံဆိပ်တွေ ရိုက်နေတဲ့ အခြေအနေမှာ အခုက အိမ်တွင်းမှုလုပ်ငန်းလို ဖြစ်နေတာတွေ့ရတာ ကျနော်တို့လည်း စိုးရိမ်စရာတွေ ဖြစ်နေတယ်လေ။ ဒဗလျူဝိုင်တွေ့တိုင်း ၀အဖွဲ့ဟာလို့ ပြောမယ်ဆိုရင်တော့ ဥပမာ ၉၉ ဆိုလည်း ၉၉ နဲ့ မဆိုင်ပါဘူး ၈၈ဆိုလည်း ၈၈ ကျောင်းသားတွေ နဲ့မဆိုင်ပါဘူး ဒါတော့ပြောချင်တယ်။ တကယ်လို့ ဖမ်းမိတယ်ဆိုလည်း ဘယ်မှာလဲ သက်သေခိုင်လုံတယ်ဆိုရင် ကျနော်တို့လည်း ငြင်းမှာ မဟုတ်ဘူး။ ကျနော်တို့ လည်း အရေးယူမှာပဲ။”

မူးယစ်ဆေးဝါးကိစ္စဟာ မြန်မာ၊ ထိုင်းနဲ့ တရုတ်နိုင်ငံအပြင် ဒေသတွင်းမှာ ခြိမ်းခြောက်တဲ့ ပြဿနာဖြစ်နေပြီး မူးယစ်ဆေးဝါးကို အားလုံးဝိုင်းဝန်းပူးပေါင်းပြီး ထိန်းချုပ် နှိမ်နင်းရမယ်လို့ ၀တပ်ဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013