DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ပညာရေးဥပဒေ လွတ်လပ်မှုအားနည်းဟု ဒေါ်အောင်ဆန်းစုကြည် ထောက်ပြ
DVB
·
July 31, 2012
တက္ကသိုလ်ပညာရေးဥပဒေ လွတ်လပ်မှုအားနည်းဟု ဒေါ်အောင်ဆန်းစုကြည်  ထောက်ပြ
Donate to DVB

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်ရေးကော်မတီက တင်ပြထားတဲ့ တက္ကသိုလ်ပညာရေးနှင့် ပတ်သက်တဲ့ ဥပဒေမူကြမ်းမှာ လွတ်လပ်မှု အားနည်းနေတဲ့အတွက် ပြန်လည်ဆွေးနွေးဖို့ လိုတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ အတည်ပြုဖို့ စီစဉ်ထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလွှတ်တော်အမတ်နှစ်ဦးက ပြန်လည်ဆွေးနွေးဖို့ အဆိုတင်တာကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလည်း သဘောတူခဲ့ပါတယ်။

ပညာရေးဥဒေမူကြမ်းမှာ တက္ကသိုလ်ပညာရေးမှာ အစိုးရရဲ့ ၀င်ရောက်စွက်ဖက်မှုတွေ ကို လျှော့ချဖို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို တင်ပြ ဆွေးနွေးခဲ့ပါတယ်။

“တက္ကသိုလ်များရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ပြောတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တက္ကသိုလ် အသီးသီးရဲ့ လွတ်လပ်ပိုင်ခွင့် ရှိဖို့အတွက် ပညာရေး ၀န်ကြီးဌာနရဲ့ သြဇာအာဏာလျှော့ချရေးကို အဓိကထားပြီး ပြောတာလို့ ကျမနားလည်ပါတယ်။ စောစောက ကိုယ်စားလှယ်နှစ်ယောက်က ဒီအတိုင်းပဲ ပြောသွားတာပါ။ ကျမရဲ့ ရည်ရွယ်ချက်ကလည်း ဒီလိုပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဘယ်လိုပဲ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ဆက်သွယ်နေပါစေ၊ ဒီဆက်သွယ်မှု အားလုံးကို ပညာရေးဝန်ကြီးဌာနကနေ အုပ်စီးထားမယ်ဆိုရင် ခေတ်နဲ့ဆီလျော်တဲ့ လွတ်လပ်တဲ့ တက္ကသိုလ်တွေ မပေါ်လာနိုင်ဘူးလို့ ကျမထင်တဲ့အကြောင်းကို လေးစားစွာ တင်ပြပါတယ်။”

ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးချက်ကို အခုလို ထောက်ခံဆွေးနွေးခဲ့ပါတယ်၊၊

“အခုကျနော်တို့ တင်သွင်းထားတဲ့ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေကို ရွှေ့ဆိုင်းပေးဖို့ အဆိုတင်သွင်းရပါမယ်။ ဒေါ်အောင်ဆန်းစုကြည် တင်ပြတဲ့ အချက်ကို ကျနော်တို့ ဆောင်ရွက်မယ် ဆိုရင် ၂၀၁၂ ခုနှစ် တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်းကို ဥက္ကဋ္ဌကြီးရဲ့ သဘောတူညီချက် ရမယ်ဆိုရင် ရွှေ့ဆိုင်းပေးဖို့ ကျနော်အဆိုတင်သွင်းပါတယ်။”

ပညာရေးဝန်ကြီးဌာနရဲ့ သဘောထားကို မေးမြန်းတဲ့ အခါမှာ ပညာရေး ၀န်ကြီးကလည်း ပညာရေးကို နိုင်ငံတကာ အဆင့်မီအောင် ကြိုးစားနေတဲ့ အကြောင်းတွေ ပြန်လည်ဆွေးနွေးသွားခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်အမတ် ဒေါ်တင်နွယ်ဦးကလည်း ပညာရေးမြှင့်တင်ရေးကော်မတီရဲ့ တက္ကသိုလ်မူကြမ်းကို ရုပ်သိမ်းဖို့အထိ တင်ပြခဲ့တယ်လို့ လွှတ်တော် အစည်းအဝေးမှာ သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

ဒီလို အသီးသီးဆွေးနွေးပြီးတဲ့နောက်မှာ ဥပဒေမူကြမ်းကို နောက်ထပ် ဆွေးနွေးဖို့ လိုအပ်တယ်ဆိုတဲ့ အဆိုကို လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက လက်ခံလိုက်ပါတယ်။

လွှတ်တော်ကို မနက်ဖြန်မှာ နေ့ဝက်ကျင်းပမှာဖြစ်ပြီး နောက်တပတ် တနင်္လာနေ့မှ ပြန်စဖွယ်ရှိပါတယ်၊၊

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013