DVB Logo
Home
မြန်မာသတင်း
စစ်ဘေးသင့်ဒေသရှိ ရေဘေးဒုက္ခသည်များ စားဝတ်နေရေး အကူအညီ လိုအပ်နေ
DVB
·
August 22, 2018
စစ်ဘေးသင့်ဒေသရှိ ရေဘေးဒုက္ခသည်များ စားဝတ်နေရေး အကူအညီ လိုအပ်နေ
Donate to DVB

ကရင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာ ဒေသက ရေဘေးသင့်ဒေသခံ တိုင်းရင်းသားတွေဟာ နေထိုင်စားသောက်ရေးတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့  ရေဘေးကယ်ဆယ်ရေးသွားနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ဒီလဆန်းပိုင်းကစတင်ပြီး ဒုတိယအကြိမ် မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့အတူ သံလွင်မြစ်ရေ တက်လာမှုကြောင့် မြိုင်ကြီးငူ (သံလွင်မြစ်) အထက်မှာရှိတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေ ရေနစ်မြုပ်ခဲ့ပါတယ်။

လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ ကန်ညီနောင်ကျေးရွာနေ ဦးမောင်ချစ်က “ရွာထဲမှာလည်း ရေကြီးလို့ စပါးတွေမြုပ်၊ တောင်ယာလုပ်လည်း ကြွက်တွေကိုက်တယ်။ တောမှာ တို့စရာတွေ ဘာတွေ လိုက်ရှာလို့ သိပ်မရဲဘူး။ မိုင်းထောင်တာတွေနဲ့ သွားမရဲဘူး။ မနေ့တနေ့က  တိုက်ပွဲလည်း ဖြစ်သွားတယ်” လို့ ပြောပါတယ်။

ရေဘေးသင့် ဒေသခံတိုင်းရင်းသားတွေကို Youth Social Group (Y.S.G) အသင်း၊ မြန်မာ့ရေသန့်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ တောင်ကလေး ပရဟိတအဖွဲ့တို့ စုပေါင်းပြီး အိမ်ထောင်စု ၄၇ စုအတွက် အဝတ်အထည်၊ ဆန်၊ ဆီ၊ ဆား၊ ရေသန့်နဲ့ စားသောက်ဖွယ်ရာမျိုးစုံ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ရန်ကုန်မြို့ကနေ လာရောက်လှူဒါန်းတဲ့ Y.S.G အသင်းဝင် မသီတာဝင်းက “အခုလိုမျိုး စစ်ဘေးရှောင်နေရတဲ့ ကလေးတွေကို မြင်မိတာနဲ့ စိတ်မကောင်းလည်း ဖြစ်မိတယ်။ ကိုယ်ကိုယ်တိုင် ခံစားနေရသလိုမျိုးပဲ ဝမ်းနည်းမိတယ်။ ကိုယ်ပိုင်ဒေသ အုပ်ချုပ်ခွင့်ရတဲ့ လူကြီးတွေကိုယ်တိုင်က ပြည်သူတွေ ဒုက္ခရောက်နေတာကို လာရောက်မကြည့်ရှုဘူး။ ကူညီဖေးမမှုတွေ မလုပ်ဘူး” လို့ ပြောပါတယ်။

အဓိက သွားလာနေတဲ့ သံလွင်မြစ်ရေ ရေစီးသန်မှုအန္တရာယ်၊ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ မကြာခဏ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရေဘေးသင့် ဒေသခံတွေဟာ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံက ကူညီထောက်ပံ့မှုတွေ မရတဲ့အတွက် အလှူရှင်တွေကိုပဲ မျှော်လင့်နေရတာပါ။

ဘားအံမြို့ တောင်ကလေး ပရဟိတအဖွဲ့ဝင် မနန်းခင်သက်မာဝင်းက “ကျမတို့က လှူဖို့ဆို ချိတ်ဆက်ပေးမှပဲ လာရောက်ဖြစ်တယ်။ လာရောက်တဲ့အခါကျတော့ အခက်အခဲတွေ တွေ့ရတယ်။ ရေဘေးဒုက္ခရောက်နေတဲ့အချိန်မှာ ဒီရွာက ပိုပြီးတော့ ဆိုးတာက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပိုပြီးဆိုးတာပေါ့” လို့ ပြောပါတယ်။

ရေဘေးသင့်ဒေသခံတွေဆီ တိုက်ရိုက်သွားရောက် လှူဒါန်းနိုင်ဖို့၊ အခက်အခဲ မရှိစေဖို့နဲ့ အန္တရာယ်ကင်းရှင်းစေဖို့ ရွှေဂွန်းကျေးရွာ ပရဟိတအသင်းတွေက ကူညီဆောင်ရွက်ပေးနေသလို မည်သူမဆို ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့ သိရပါတယ်။

လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာနေ မစုတာက “ရွှေဂွန်းမှာ ရောက်ရှိလာတဲ့ အလှူရှင်တွေကို အဆင်ပြေအောင် လုပ်ပေးရတယ်။ ဘေးနားက အကူအညီလိုအပ်တဲ့ နေရာက လာပြီးပြောပြလို့ရှိရင် အဲဒီအလှူရှင်တွေကို ပြန်ပြောပြပေးတယ်။ အလှူရှင်တွေအနေနဲ့ သွားချင်လား။ ဆန္ဒရှိရင် ပို့ပေးမယ်ဆိုပြီးတော့ လှေတွေစီစဉ်ပေးပြီး ချိတ်ဆက်ပေးတယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်ထဲ ရေဘေးသင့်သူတွေအတွက် ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရာ ဘားအံမြို့မှာ ၁၂ ခု၊ လှိုင်းဘွဲ့မြို့မှာ ၄ ခု၊ ဖာပွန်မြို့မှာ ၂ ခုနဲ့ မြဝတီမြို့မှာ ၁ ခု ဖွင့်လှစ်ထားပြီး စခန်းပေါင်း ၁၉ ခုမှာ အိမ်ထောင်စု ၂၃၅၂ စု၊ လူဦးရေ ၁၁၆၅၂ ဦး ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013