ရန်ကုန်ဘူတာကြီးတွင် အဆမတန် ငွေတောင်းသူ ၃ ဦးကို ထောင်ဒဏ် ၂ လစီ ချမှတ်
ပြည့်ဘုန်းအောင်
·
August 22, 2018

ရန်ကုန်ဘူတာကြီးမှာ ခွင့်ပြုချက်မရှိဘဲ ကုန်ထမ်းပြီး အခကြေးငွေ အဆမတန် တောင်းယူခဲ့တဲ့ အမျိုးသားခြောက်ဦးအနက် သုံးဦးကို ထောင်ဒဏ်နှစ်လစီ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
သြဂုတ် ၁၈ ရက် ညပိုင်းက ရထားစီးခရီးသည် အမျိုးသမီးတဦးက ပါလာတဲ့ ပစ္စည်းတွေကို အလုပ်သမားငှား သယ်ဆောင်ခဲ့ရာမှာ အလုပ်သမား ခြောက်ဦးက လူမိုက်ဆန်ဆန် အခကြေးငွေတွေ ပိုမိုတောင်းခံခဲ့တဲ့အကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ရေးသားခဲ့ရာက ပျံ့နှံ့သွားခဲ့ပါတယ်။
အဲဒီ အလုပ်သမားခြောက်ဦးက ခရီးသည်အမျိုးသမီးထံကနေ ငွေကျပ် ၁၇၀၀၀ ကျပ် တောင်းခံခဲ့ရာမှာ ခရီးသည်က ၆၀၀၀ ကျပ်သာ ပေးခဲ့ပြီး အလုပ်သမားတဦးကို ကျပ် ၁၀၀၀ စီ ခွဲယူခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို ငွေကြေး အဆမတန် တောင်းခံခဲ့သူ ခြောက်ဦးထဲက မောင်နီ၊ ဇော်ဇော်နဲ့ ကျော်ဦးတို့ သုံးဦးကို ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈(က) နဲ့ ထောင်ဒဏ် ၂ လ ချမှတ်ထားပြီး ကျန်သုံးဦးကို ပုဒ်မ ၈၈(က)၊ ၈၇(က) အပြင် ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ နဲ့ပါ တရားစွဲဆိုထားတယ်လို့ မြန်မာ့မီးရထားရဲတပ်ဖွဲ့က ပြောပါတယ်။
ကျူးလွန်ခဲ့တဲ့ အမျိုးသားခြောက်ဦးထဲမှာ မြန်မာ့မီးရထားဝန်ထမ်းတဦး ပါဝင်တယ်လို့ မီးရထားဌာနက ပြောပါတယ်။