
စင်ကာပူနိုင်ငံမှာ အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ် ၂၁ ရက်က စင်ကာပူနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေ ဆွေးနွေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူသမ္မတ မစ္စ ဟာလီမာယာကော့ဘ်နဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ရိုးရာအိမ်တွင်းမှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပညာရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံရာမှာလည်း နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးဖော်ဆောင်ရေး၊ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ စင်ကာပူနိုင်ငံက အပြုသဘောဆောင် ဆက်လက်ထောက်ခံ အားပေးရေး၊ အာဆီယံ အပါအဝင် နိုင်ငံတကာမျက်နှာစာမှာ ပိုမိုပူးပေါင်း ဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ စင်ကာပူ ဒုဝန်ကြီးချုပ် တီအိုချီအန်နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေ အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။
ဒီနောက် Grand Hyatt ဟိုတယ်မှာ ISEAS-Yusof Ishak Institute က စီစဉ်ကျင်းပတဲ့ ဟောပြောပွဲမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်မှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေနဲ့ ရှေ့ခရီးလမ်း ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။
ညနေပိုင်းမှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မြန်မာသံရုံး မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပြီး စင်ကာပူနိုင်ငံရှိ Gardens by the Bay ပန်းခြံသို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ပါတယ်။
ဓာတ်ပုံ-State Counsellor











